မတူပီမြို့နယ်အတွင်း စစ်ဘေးရှောင် ၁၀၀၀ကျော်အတွက် အရေးပေါ်ဆေးဝါးများလိုအပ် 

By ပါခွီး (မဇ္စျိမ)
31 March 2023
မတူပီမြို့နယ်အတွင်း စစ်ဘေးရှောင် ၁၀၀၀ကျော်အတွက် အရေးပေါ်ဆေးဝါးများလိုအပ် 

ချင်းပြည်နယ်၊မတူပီမြို့နယ်တွင် စစ်အင်အားတိုးချဲ့လာသည့်  စစ်ကောင်စီတပ်နှင့် ချင်းကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့များအကြား စစ်ရေးတင်းမာနေပြီး  ‌ဒေသခံစစ်ဘေးရှောင်ပြည်သူများအတွက် အရေးပေါ်ဆေးဝါးများ လိုအပ်နေသည်ဟု မတူပီမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံမှ သတင်းရရှိသည်။ 

မတူပီ - ပလက်ဝလမ်းမအတိုင်း အင်အားတိုးချဲ့လာသည့် စစ်ကောင်စီတပ်နှင့် ချင်းကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့များသည် မတ်လလယ်ခန့်မှစတင်ပြီး  တိုက်ပွဲများဖြစ်ပွားနေခြင်းဖြစ်သည်။မတူပီ - ပလက်ဝလမ်းပေါ်ရှိ ရွာခုနှစ်ရွာမှ ဒေသခံ ၁၀၀၀ ကျော်သည် တောတောင်ထဲတွင် တိမ်းရှောင်နေရပြီး ကျန်းမာရေးဆိုင်ရာပြဿနာများ ရင်ဆိုင်နေရသည်ဟု မတူပီမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့သတင်းနှင့် ပြန်ကြားရေးမှူး ဆလိုင်းပါထောင်းက မဇ္စျိမကိုပြောသည်။ 

“သူတို့(ဒေသခံစစ်ဘေးရှောင်များ) အခုနေရတဲ့ နေရာက လယ်ကွက်တွေ၊တောတွေတောင်ထဲမှာပုန်းရှောင်နေရတော့၊အဲဒီနေရာတွေက ငှက်ဖျားပိုးရှိတဲ့နေရာတွေဆိုတော့ ငှက်ဖျားရောဂါရတဲ့သူတွေလည်းရှိတယ်။ဝမ်းပျက်၊ဝမ်း‌လျှောလည်းများတယ်။ကျနော်တို့မှာ အရေးပေါ် ဆေးဝါးများလိုအပ်နေပါတယ်” ဟု ဆလိုင်းပါထောင်းက ပြောသည်။ 

စစ်ဘေးရှောင်များအနက် သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များတွင် ဝမ်းပျက်၊ဝမ်းလျှောနှင့်ငှက်ဖျားရောဂါများအဖြစ်များသဖြင့် ကုသရန်ဆေးဝါးများအပြင် မိုးကာနှင့် ခြင်ထောင်များ အရေးပေါ်လိုအပ်နေကြောင်း ၎င်းက ပြောသည်။လတ်တလောတွင် ရောဂါဖြစ်ပွားကူးစက်နေသူများကို ကုသရန် ဆရာဝန်မရှိဘဲ CDM ကျန်းမာရေးဝန်ထမ်းအချို့က လက်ကျန်ရှိသောဆေးဝါးများဖြင့်သာ ကုသပေးနေရကြောင်း သတင်းရရှိသည်။ 

စစ်ဘေးရှောင်များကို  ကူညီလိုသူများအနေနှင့် အရေးပေါ်ကူညီကယ်ဆယ်ရေးလုပ်ငန်းတွင် ငွေကြေးအားဖြင့်ဖြစ်စေ၊လိုအပ်သည့် ဆေးဝါးပစ္စည်းအားဖြင့်ဖြစ်စေ Matupi Health Team နှင့် ၎င်းထံသို့ ပူးပေါင်းပါဝင်ပေးကြပါရန် ဆလိုင်းပါထောင်းက မေတ္တာရပ်ခံထားသည်။ 

မတူပီ - ပလက်၀လမ်းရှိ ထယ်ဘွေးတပ်စခန်းသို့ ရိက္ခာပို့လာသည့် စစ်ကောင်စီတပ်ယာဉ်တန်းကို ချင်းပြည်သူကာကွယ်ရေးတပ်များက မတ်လ ၂၀ရက်မှ စတင်တိုက်ခိုက်နေခြင်းဖြစ်သည်။ စစ်ကောင်စီစစ်ကြောင်းကို CDF – Matupi နှင့် ချင်းအမျိုးသားတပ်မတော် CNA တို့မှက အကြိမ်ကြိမ်ဖြတ်တောက်တိုက်ခိုက်သဖြင့် စစ်ကောင်စီတပ်ဖွဲ့များ အထိ အခိုက် အကျအဆုံးများနေကြောင်း သိရသည်။ 

လက်ရှိတွင် စစ်ကောင်စီတပ်သည် မတူပီဒေသ၌  အင်အားဖြည့်တင်းမှုများ ဆက်လက် လုပ်ဆောင်နေ၍  တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနိုင်ချေရှိကြောင်း CDF-Matupiက အသိပေးထားသည်။ 

မတူပီ - ပလက်ဝလမ်း မိုင်တိုင် (၁၆) ဝါပုန်းလမ်းခွဲအနီးပတ်ဝန်းကျင်တွင်လည်း စစ်ကောင်စီတပ်က နင်းမိုင်းများ ထောင်ထားကြောင်း CDF-Matupi အသိပေးထားပြီး  မိုင်းရှင်းလင်းရေး ပြုလုပ်ပြီးမှသာ သွားလာကြရန် ပြည်သူများအားတိုက်တွန်းထားသည်။ ထို့ပြင် CDF-Matupi၏ ထုတ်ပြန်ချက်များကို အထူးအလေးထားစေလိုသည်ဟု အသိပေးထားသည်။ 

စာတည်း-မောင်ကြီး 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required