တရုတ်က စီးပွားရေးသြဇာလွှမ်းမိုးမှုကို နိုင်ငံရေးလက်နက်အဖြစ် အသုံးချနေသဖြင့် ထိုင်းနှင့် ပါကစ္စတန်ရှိ ဝီဂါဒုက္ခသည်များ ဒုက္ခရောက်နေ

By ANI  
31 March 2023
  တရုတ်က စီးပွားရေးသြဇာလွှမ်းမိုးမှုကို နိုင်ငံရေးလက်နက်အဖြစ် အသုံးချနေသဖြင့် ထိုင်းနှင့် ပါကစ္စတန်ရှိ ဝီဂါဒုက္ခသည်များ ဒုက္ခရောက်နေ

တရုတ်က စီးပွားရေးသြဇာလွှမ်းမိုးမှုကို နိုင်ငံရေးလက်နက်အဖြစ် အသုံးချနေသည့်အတွက် ထိုင်းနှင့် ပါကစ္စတန်ရှိ ဝီဂါဒုက္ခသည်များ အတိဒုက္ခရောက်နေကြရကြောင်း သြစတြီးယားနိုင်ငံ၊ ဗီယင်နာတွင် အခြေစိုက်သော အစိုးရမဟုတ်သော အဖွဲ့အစည်းဖြစ်သည့် Voices Against Autocracy (VAA) ၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

ထိုင်းနိုင်ငံရှိ ထိန်းသိမ်းရေးစခန်းတစ်ခုတွင် ဝီဂါဒုက္ခသည် ၁ ဦး သေဆုံးမှုနှင့် ပါကစ္စတန်ရှိ အခြားဒုက္ခသည် ၁ ဦး တရုတ်နိုင်ငံသို့ ပြန်ပို့ခံရမည်ကို စိုးရိမ်နေရခြင်းတို့သည် ရှင်ကျန်းမှ ထွက်ပြေးလာသည့် ဒုက္ခသည်များ၏ အခြေအနေကို ဖော်ပြလျက်ရှိသည်။

ဝီဂါများသည် စိန်ခေါ်မှုအသစ်တစ်ရပ်ကို တွေ့ကြုံနေရပြီး နှိပ်စက်ညှဉ်းပန်းခံရမည်ကိုလည်း စိုးရိမ်ကြောက်ရွံ့နေရကာ အခြားနိုင်ငံများတွင်သာမက တရုတ်နိုင်ငံတွင်ပါ ထိန်းသိမ်းခံနေကြရသည်။  ထိုသို့ဖြစ်ရခြင်းမှာ တရုတ်က စီးပွားရေး သြဇာလွှမ်းမိုးမှုကို နိုင်ငံရေး လက်နက်သဖွယ် အသုံးပြုနေသောကြောင့် ဖြစ်သည်။ အစ္စလာမ္မစ်အသိုင်းအဝိုင်းကလည်း ထိုအကြောင်းပြချက်ဖြင့် ဝီဂါများ ဒုက္ခရောက်နေခြင်းအပေါ် အသံတိတ်နေကြကြောင်း VAA သတင်းတွင် ဖော်ပြခဲ့သည်။

အမေရိကန်တွင် ၉/၉/၁၁ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်များအပြီးတွင် တရုတ်နှင့် ပါကစ္စတန်တို့သည် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ခဲ့ပြီး ပါကစ္စတန်က ဝီဂါအများအပြားကို တရုတ်နိုင်ငံသို့ ပြန်လည်ပို့ဆောင်ခဲ့သည်။ ယခုအခါ ပါကစ္စတန်တွင် ဝီဂါ ၃ ၀၀၀ ခန့် နေထိုင်လျက်ရှိသည်။

ပါကစ္စတန်တွင် UNHCR အထောက်အထားကတ်ပြားမရှိသော ဒုက္ခသည်အများကို တရုတ်နိုင်ငံသို့ ပြန်ပို့နိုင်ကြောင်း ရဲများက သတိပေးထားသည်ဟု VAA က ဖော်ပြခဲ့သည်။

ပါကစ္စတန်သည် မွတ်စလင်အများစုနေထိုင်သည့် နိုင်ငံဖြစ်သော်လည်း အစိုးရအဖွဲ့အများစုသည် တရုတ်၏မဟာမိတ်များဖြစ်ကာ ရှင်ကျန်း၊ တိဗက်၊ ထိုင်ဝမ်၊ ဟောင်ကောင်နှင့် တောင်တရုတ်ပင်လယ် အရေးကိစ္စနှင့် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီတို့တွင် တရုတ်၏မူဝါဒများကို ထောက်ခံကြောင်း ပြသကြသည်။

ပါကစ္စတန် တာဝန်ရှိသူများသည် နိုင်ငံ၏ အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက်  တရုတ်နှင့် ကုန်သွယ်မှု ပိုမိုပြုလုပ်ရန်နှင့် ဒေသတွင်း နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန်  ခါးပတ်လမ်းရပ်ဝန်းစီမံကိန်း (BRI)၏ အခရာကျသော တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြန်နှင့်ပတ်သက်၍ ဖိအားပေးခံနေရကြောင်း VAA သတင်းဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

တရုတ်သည် ဝီဂါများထွက်ပြေးခိုလှုံလျက်ရှိသော နိုင်ငံများအား ၎င်း၏ ညွှန်ကြားချက်များကို လိုက်နာစေရန် စီးပွားရေးနှင့် နိုင်ငံရေး ဖိအားများကို ပေါင်းစပ်ပြီး ဩဇာလွှမ်းမိုးမှုရရေး  အရှိန်မြှင့်လုပ်ဆောင်လာခဲ့သည်။ 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly