ဘင်္ဂလားဒေ့ရှ်တွင် တရုတ်၏ ခါးပတ်လမ်းရပ်ဝန်းစီမံကိန်းအပေါ် ယုံကြည်မှုလျော့နည်းလာ

By ANI 
31 March 2023
ဘင်္ဂလားဒေ့ရှ်တွင် တရုတ်၏ ခါးပတ်လမ်းရပ်ဝန်းစီမံကိန်းအပေါ် ယုံကြည်မှုလျော့နည်းလာ

ဘင်္ဂလားဒေ့ရှ်တွင် တရုတ်၏ခါးပတ်လမ်းရပ်ဝန်းစီမံကိန်းသည် အများယုံကြည်လက်ခံမှု ဆုံးရှုံးလာကြောင်းနှင့် စီမံကိန်းများနှင့်ပတ်သက်ပြီး အစိုးရက သတိကြီးစွာထားနေရကြောင်း ဝန်ကြီးချုပ် ရှိတ်ခ်ဟာစီနာက ပြောခဲ့သည်ဟု epardafas.com သတင်းဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

သီရိလင်္ကာနှင့် ပါကစ္စတန်ရှိ ခါးပတ်လမ်းရပ်ဝန်းစီမံကိန်း (BRI) များ၏ ရလဒ်များကြောင့် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်သည် ချင့်ချိန်မှုများ ပြုလုပ်လာကြောင်း လေ့လာသုံးသပ်သူများက ပြောသည်။
တရုတ်နှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းလုပ်ဆောင်ရာတွင် အစိုးရအနေဖြင့် သတိကြီးစွာထားနေရကြောင်း ဟာစီနာက မတ်လ ၂၁ ရက်က CNN နှင့်ရုပ်သံအင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့သည်။ 

တရုတ်သည် သီရိလင်္ကာ၏ ဟမ်ဘန်တိုတာဆိပ်ကမ်းကို ၉၉ နှစ် ငှားရမ်းကာ တဖြည်းဖြည်း ထိန်းချုပ်လာခဲ့သည်။  သီရိလင်္ကာစီးပွားရေး အဆိုးဆုံးအခြေအနေရောက်သွားချိန်တွင် ခါးပတ်လမ်းရပ်ဝန်းစီမံကိန်း၏ အန္တရာယ်များလှသောရုပ်လုံးပေါ်ထွက်လာခဲ့ပြီး ဝန်ကြီးချုပ်က နိုင်ငံဒေဝါလီခံကြောင်း  ကြေညာခဲ့ရသည်။

ပါကစ္စတန်တွင်လည်း တရုတ်က ခါးပတ်လမ်းရပ်ဝန်းအမည်အောက်၌ နိုင်ငံ၏ သဘာဝသယံဇာတများကို အမြတ်ထုတ်နေသဖြင့် နိုင်ငံသားများက မကျေနပ်ကြပေ။

ရှိတ်ဟာစီနာက “မိမိတို့ဟာ ချေးငွေယူရာမှာ အတော်လေးသတိထားရပါတယ်။ အများအားဖြင့် ကမ္ဘာ့ဘဏ်နဲ့ အာရှဖွံ့ဖြိုးရေးဘဏ်လို အဖွဲ့အစည်းတွေဆီကပဲ ချေးငွေယူပါတယ်။ တရုတ်ဆီက ယူတာနည်းပါတယ်။ သီရိလင်္ကာနဲ့ တခြားနိုင်ငံတွေလို မဟုတ်ဘူး” ဟု ပြောသည်။

တရုတ်သည် ၂၀၁၆ ခုနှစ်က အခြေခံအဆောက်အအုံအကူအညီနှင့် ပူးပေါင်းကဏ္ဍအတွက် အမေရိကန်ဒေါ်လာ ၄၀ ဘီလီယံနှင့် ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများအတွက် အမေရိကန်ဒေါ်လာ ၂၀ ဘီလီယံ ရင်းနှီးမြှုပ်နှံရန် အဆိုပြုခဲ့သည်။

ဘင်္ဂလားဒေ့ရှ်သည် ၂၀၂၂ ခုနှစ်တွင် နိုင်ငံခြားကြွေးမြီမြင့်တက်မှုပြဿနာကို စတင်ကြုံလာရပြီး တရုတ်ကို အမေရိကန်ဒေါ်လာ ၄ ဘီလီယံ အကြွေးတင်ခဲ့သည်။ လျော့နည်းလာသော နိုင်ငံခြားအရန်ငွေကြောင့် မရှိမဖြစ်လိုအပ်သော ကုန်ပစ္စည်းများတင်သွင်းရန် အခက်တွေ့လာသဖြင့် ဘင်္ဂလားဒေ့ရှ်အစိုးရသည် ၂၀၂၂ ခုနှစ် ဇူလိုင်တွင် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) မှ ထောက်ပံ့ငွေ အမေရိကန်ဒေါ်လာ ၄ ဒသမ ၅ သန်း ယူခဲ့ရသည်။ 

ဘင်္ဂလားဒေ့ရှ်သည် ကျပ်တည်းမှုလျော့ပါးသက်သာစေရန်အဝေးပြေးလမ်းစီမံကိန်းများအပါအဝင် ခါးပတ်လမ်းရပ်ဝန်းအောက်ရှိ အခြေခံအဆောက်အုံစီမံကိန်းများစွာကို ပယ်ဖျက်ခြင်း သို့မဟုတ် ရွှေ့ဆိုင်းခြင်းများ ပြုလုပ်ခဲ့သည်။

တရုတ်၏ခါးပတ်လမ်းစီမံကိန်းများအတွက် မြေယာသိမ်းဆည်းမှုအပေါ် ကန့်ကွက်ဆန္ဒပြမှုများအတွင်း သေဆုံးသူမှာ  ၂၀၁၆ ခုနှစ်နောက်ပိုင်း ၁၂ ဦး ရှိခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly