နျူဗုံး ၅၀ အထိထုတ်လုပ်နိုင်သော ပလူတိုနီယမ်တင် သင်္ဘော ဂျပန်မှ အမေရိကန်သို့ ထွက်ခွာ

နျူဗုံး ၅၀ အထိထုတ်လုပ်နိုင်သော ပလူတိုနီယမ်တင် သင်္ဘော ဂျပန်မှ အမေရိကန်သို့ ထွက်ခွာ

တိုကျို၊ မတ် ၂၂ ။              ။ နျူကလီးယားဗုံး ၅၀အထိ ထုတ်လုပ်နိုင်သော ပလူတိုနီယမ်များ တင်ဆောင်သည့် နျူကလီးယားသယ်ယူပို့ဆောင်သည့် သင်္ဘောတစ်စင်းသည် မတ် ၂၂ နေ့လည်က အမေရိကန်သို့ ပြန်ပို့ရန် ဂျပန်ဆိပ်ကမ်းတစ်ခုမှ ထွက်ခွာလာခဲ့သည်။

သုတေသနပြုလုပ်ရန်အတွက် လွန်ခဲ့သည့် ဆယ်စုနှစ်များစွာက အမေရိကန်၊ ဗြိတိန်နှင့် ပြင်သစ်တို့က ပေးအပ်ခဲ့သော ယင်းပလူတိုနီယမ်များကို နှစ်ဖက်သိမ်းဆည်းရေးသဘောတူညီချက်အရ အမေရိကန်သို့ တင်ပို့နေခြင်းဖြစ်သည်။ အဲန်အိတ်ချ်ကေရုပ်သံမှ ထုတ်လွှင့်မှုအရ ပလူတိုနီယမ်များ ထည့်ထားသည့် ကွန်တိန်နာများ တိုကျို၏ အရှေ့မြောက်ဘက် တိုကာအိမူရာရှိ ဆိပ်ကမ်းတစ်ခုတွင် ဗြိတိန်မှတ်ပုံတင်သင်္ဘောပေါ်သို့ တင်နေပုံနှင့် သင်္ဘောထွက်ခွာပုံကို ပြသခဲ့သည်။

ပလူတိုနီယမ် ၃၃၁ကီလိုဂရမ်(ပေါင် ၇၃၀) တင်ထားသည့် သင်္ဘောသည် ဂျပန်ကမ်းရိုးတန်းအစောင့်တပ်မှ ကင်းလှည့်ယာဉ်များစွာ စောင့်ကြပ်လျက် ညနေ ၃ နာရီတွင် စတင်ထွက်ခွာသည်ဟု အဲန်အိတ်ချ်ကေ အစီရင်ခံသည်။ ယင်းကိစ္စနှင့် ပတ်သက်၍ ကြီးကြပ်မှုပြုလုပ်သော အစိုးရဝန်ကြီးဋ္ဌာန၏ အရာရှိများထံမှ သုံးသပ်ချက် သို့မဟုတ် အတည်ပြုချက် ချက်ခြင်းမရရှိခဲ့ပေ။

သင်္ဘောသွားမည့် လမ်းကြောင်းကို ထုတ်ဖော်ပြောကြားခြင်းမရှိသော်လည်း ၎င်းသင်္ဘောသည် အမေရိကန်နိုင်ငံ တောင်ကယ်လီဖိုးနီးယားရှိ နျူကလီးယားစက်ရုံသို့ ရောက်ရှိရန် အချိန်နှစ်လကြာမည်ဟု နျူကလီးယားဆန့်ကျင်ရေးအုပ်စုများက ပြောသည်။ ဂျပန်တွင် နျူကလီးယားလက်နက်တစ်ခုပြုလုပ်နိုင်သည့် အတတ်ပညာရှိသဖြင့် ပလူတိုနီယမ်အများအပြား ဂျပန်တွင် စုပုံရှိနေခြင်းကို နျူဆန့်ကျင်ရေးအုပ်စုများနှင့် အိမ်နီးချင်းနိုင်ငံများက စိုးရိမ်လျက်ရှိသည်။ ဂျပန်သည် အစဉ်အလာအားဖြင့် စွမ်းအင်အတွက် နျူကလီးယားနည်းပညာကို အလွန်အကျွံအားကိုးနေခဲ့သည်။ သို့သော်လည်း ၂၀၁၁ မတ်က ဖူကူရှီမားနျူကလီးယားကပ်ဘေးဆိုက်ပြီးနောက် နျူဓါတ်ပေါင်းဖိုအားလုံးပိတ်ခဲ့ရပြီး အနည်းငယ်သာ ပြန်ဖွင့်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly