မီဇိုရမ်ဒေသခံ ၃ ဦး အသတ်ခံရမှုအပေါ် စိတ်မကောင်းကြောင်းနှင့် စွပ်စွဲမှုများအတွက် စိုးရိမ်မကင်းဖြစ် ဟု NUG ထုတ်ပြန် 

By ပါခွီး မဇ္စျိမ
30 March 2023
မီဇိုရမ်ဒေသခံ ၃ ဦး အသတ်ခံရမှုအပေါ် စိတ်မကောင်းကြောင်းနှင့် စွပ်စွဲမှုများအတွက် စိုးရိမ်မကင်းဖြစ် ဟု NUG ထုတ်ပြန် 

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်နှင့် မြန်မာနိုင်ငံ ချင်းပြည်နယ်နယ်စပ်တွင် မီဇိုရမ်ပြည်နယ်သား သုံးဦးသတ်ဖြတ်ခံခဲ့ရသည့်ဖြစ်ရပ်အတွက် ကျန်ရစ်သူမိသားစုဝင်များနှင့် ထပ်တူစိတ်မကောင်းဖြစ်ရပြီး ကျူးလွန်သူများအား ဖမ်းဆီးရရှိနိုင်ရေးအတွက် သက်ဆိုင်ရာ ဒေသန္တရအစိုးရနှင့် တရားဥပဒေစိုးမိုးရေး ဆိုင်ရာတာဝန်ရှိသူများ၏ တရားနည်းလမ်းကျသော ကြိုးပမ်းအားထုတ်ဆောင်ရွက်မှုများကို အလေး အနက်ထောက်ခံကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ထုတ်ပြန်သည်။

ပြီးခဲ့သည့် မတ်လ ၂၂ ရက်နေ့က အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်နှင့် မြန်မာနိုင်ငံ၊ ချင်းပြည်နယ် ထိစပ်သည့် နယ်စပ်တနေရာ၌ မီဇိုရမ်ပြည်နယ်သား အမျိုးသားနှစ်ဦး၊ အမျိုးသမီးတဦးကို အမည်မသိလူတစ်စုက သတ်ဖြတ်ခဲ့သည့်ဖြစ်စဉ်အပေါ် မတ်လ ၂၉ ရက်နေ့ ညပိုင်းတွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံ ခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားခြင်းဖြစ်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် ကျန်ရစ်သူမိသားစုဝင်များနှင့်ထပ်တူ များစွာ စိတ်မကောင်းဖြစ်ရပြီး ယင်းဖြစ်ရပ်နှင့်ပတ်သက်၍ မြန်မာနိုင်ငံသားအချို့အား စွပ်စွဲပြောဆိုမှုများ လည်း လူမှုကွန်ရက်တွင် ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်လျှက်ရှိသဖြင့် များစွာစိုးရိမ်မကင်းဖြစ်မိသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အမှုမှန်ပေါ်ပေါက်ပြီး ကျုးလွန်သူများအား ဖမ်းဆီးနိုင်ရေးအတွက် ဒေသန္တရအစိုးရနှင့် တရားဥပဒေစိုးမိုး ရေးဆိုင်ရာတာဝန်ရှိသူများ၏ တရားနည်းလမ်းကျသော ကြိုးပမ်းအားထုတ်ဆောင်ရွက်မှုများကို မိမိတို့ အနေဖြင့် အလေးအနက်ထောက်ခံပါသည်ဟုလည်း အသိပေးထားသည်။

ထို့ပြင် အိန္ဒိယနိုင်ငံတွင် ခိုလှုံနေထိုင်နေကြသည့် မြန်မာနိုင်ငံသား စစ်ဘေးရှောင်ပြည်သူများအနေဖြင့် သက်ဆိုင်ရာ ဒေသခံပြည်သူများနှင့် အပြန်အလှန်လေးစားတန်ဖိုးထားမှုရှိသော ဆက်ဆံရေးများကို တည်ဆောက်ပြီး ဒေသတွင်းလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးထိန်းသိမ်းဆောင်ရွက်မှုများတွင် ပူးပေါင်း ကူညီပေးကြပါရန် အမျိုးသားညီညွတ်ရေးအစိုးရ၊နိုင်ငံခြားရေးဝန်ကြီးဌာနက တိုက်တွန်းထားသည်။ 

အဆိုပါအမှုနှင့်ပတ်သက်ပြီး ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်) CDF – Mindat ကလည်း မတ်လ ၂၉ ရက်နေ့ ညပိုင်းတွင် ကြေညာချက်တစောင် ထုတ်ပြန်ခဲ့သည်။

မီဇိုရမ်ပြည်နယ်သား သုံးဦးသတ်ဖြတ်ခံခဲ့ရသည့်ဖြစ်ရပ်အတွက် အမှုမှန်ပေါ်ပေါက်ရန် တာဝန်ရှိသည့် အဖွဲ့အစည်းများကို တတ်စွမ်းသမျှ ကူညီပံ့ပိုးရန်အသင့်ရှိကြောင်း  CDF – Mindat ထုတ်ပြန်ခဲ့ခြင်းဖြစ် သည်။

ထိုဖြစ်ရပ်သည် CDF-Mindat နှင့်ပတ်သက်နေသယောင် မဟုတ်မမှန်ပြောဆိုရေးသားမှုများ ရှိသည်ဟု ကြားသိရသောကြောင့် များစွာစိတ်မကောင်းဖြစ်ရကြောင်း၊ စုံစမ်းမေးမြန်းကြည့်ရာ မကွေးတိုင်း၊ မြိုင်မြို့ နယ်ရှိ စစ်ဘေးရှောင်ပြည်သူများက လိုအပ်သည့်ပစ္စည်းများဝယ်ယူရန်လှူဒါန်းသည့် ငွေကြေးများနှင့် ပတ်သက်နေကြောင်းကြားသိရသည်ဟု ဆိုသည်။ 

စစ်ဘေးရှောင် ပြည်သူများက ရှိစုမဲ့စုလှူဒါန်းသောငွေကြေးများဖြင့် လိုအပ်သောပစ္စည်းများဝယ်ယူရန် လှူဒါန်းငွေကို မီဇိုရမ်ပြည်နယ်မှ ပြည်သူတစ်ဦးထံ မကွေးတိုင်း၊ မြိုင်မြို့နယ်မှ ၎င်းငွေကြေးနှင့် ပတ်သတ် ၍တာဝန်ရှိသူ ကိုဂျက်နှင့် မင်းတပ်မြို့နယ်နေ ဆလိုင်းအောင်လိန်းတို့မှ ယုံကြည်စွာ အပ်နှံထားခဲ့ရာ ထိုအပ်နှံငွေများပြန်လည်တောင်းခံစဉ် ယခုကဲ့သို့ လူသတ်မှုဖြစ်ပွားခဲ့သည်ဟု ကြားသိရသဖြင့် ချင်း ကာကယ်ရေးတပ်ဖွဲ့(မင်းတပ်) CDF-Mindat အနေဖြင့် များစွာ စိတ်မကောင်း ဖြစ်ရပါသည်ဟု ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။

ဆလိုင်းအောင်လိန်းသည် အချို့သူများစွပ်စွဲ‌ နေသကဲ့သို့ ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်)CDF-Mindat ၏တပ်ဖွဲ့ဝင်တဦးမဟုတ်ဘဲ မီဇိုရမ်ပြည်နယ်မှတစ်ဆင့် မြိုင်မြို့နယ်စစ်ဘေးရှောင်ပြည်သူများအတွက် လိုအပ်သောပစ္စည်းများ ကြားခံဝယ်ယူ ဆောင်ရွက်ပေးသူသာဖြစ်ကြောင်းနှင့် ဤလူသတ်မှုဖြစ်ရပ်တွင် ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်) CDF-Mindat အနေဖြင့် လုံးဝပတ်သက်မှုမရှိဟု CDF-Mindat က ထုတ်ပြန်ထားသည်။

ထို့ပြင် အမှုမှန်ပေါ်ပေါက်ရေးအတွက် တာဝန်ရှိသည့်အဖွဲ့အစည်းများကို တတ်စွမ်းသမျှ ကူညီပံ့ပိုးရန် အသင့်ရှိကြောင်း အသိပေးထားသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီက နိုင်ငံတော်အာဏာကို မတရား သိမ်းယူပြီးနောက်  အကြမ်းဖက်ဖျက်ဆီးတိုက်ခိုက်မှုများကြောင့် မီဇိုရမ်ပြည်နယ်အတွင်း နယ်စပ်ဖြတ် ကျော် ထွက်ပြေးခိုလှုံခဲ့ကြရသူများကို  မီဇိုရမ်ပြည်နယ်အစိုးရနှင့် မီဇိုရမ်ပြည်သူအားလုံးက သွေးသားရင်း ခြာကဲ့သို့ ခိုလှုံခွင့်ပေးပြီး စောင့်ရှောက်ပေးခဲ့ကြသည့်အတွက် မီဇိုရမ်ပြည်နယ်အစိုးရနှင့် မီဇိုရမ်ပြည်သူ များ၊ မီဇိုရမ် NGO အဖွဲ့အစည်းများအား ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်) CDF-Mindat အနေဖြင့် လှိုက် လှဲစွာကျေးဇူးတင်ရှိသည်ဟု ထုတ်ပြန်ထားသည်။ 

မတ်လ ၂၂ ရက်နေ့က မီဇိုရမ်ပြည်နယ် ဆိုင်ဟားမြို့တွင်နေထိုင်သူ Biaksuii ၊ Babluနှင့် B. Lalthafamkima တို့သုံးဦးသည် မီဇိုရမ်နှင့် ချင်းပြည်အစပ်တွင် အမည်မသိ လူတစ်စု၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရခြင်းဖြစ်သည်။

ယင်းဖြစ်ရပ်နှင့်ပတ်သက်ပြီး ဒေသခံလူမှုအဖွဲ့အစည်းများမှ အိန္ဒိယ-မြန်မာနယ်စပ် အဝင်အထွက်လမ်း ကြောင်းအချို့ကို အကန့်အသတ်မရှိ ပိတ်ပင်လိုက်ကြပြီး မည်သူမျှ နယ်စပ်ဖြတ်ကျော်သွားလာ ခွင့်မပြု ရန်၊ မည်သည့်ပစ္စည်းကိုမဆို လွဲပြောင်းရယူခြင်းမပြုရန်နှင့် လိုက်နာခြင်းမရှိပါက ပြင်းထန်စွာအရေးယူ မည်ဟု သတိပေးထားကြောင်း သိရသည်။

မီဇိုရမ်ပြည်နယ်တွင် မြန်မာနိုင်ငံသား စစ်ဘေးရှောင်အများအပြားခိုလှုံလျက်ရှိပြီး အခင်းဖြစ်ပွားရာ ဒေသ အတွင်းမှစစ်ဘေးရှောင်များအတွက် သက်ရောက်မှုများရှိလာနေပြီး တင်းကြပ်မှုများရှိလာနေကြောင်း ဒေသတွင်းသတင်းရင်းမြစ်များထံမှသိရသည်။

စာတည်း - မောင်ကြီး 
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required