အာဖဂန်နစ္စတန် ကဘူးလ်မြို့ရှိ နိုင်ငံခြားရေးဝန်ကြီးရုံးအနီး ဗုံးပေါက်ကွဲမှုကြောင့် ၆ ဦး သေဆုံး 

By ANI
30 March 2023
အာဖဂန်နစ္စတန် ကဘူးလ်မြို့ရှိ နိုင်ငံခြားရေးဝန်ကြီးရုံးအနီး ဗုံးပေါက်ကွဲမှုကြောင့် ၆ ဦး သေဆုံး 

အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန လုံခြုံရေးစစ်ဆေးရေးဂိတ်အနီးတွင် မတ် ၂၇ ရက် က အသေခံဗုံးခွဲတိုက်ခိုက်မှုကြောင့် အရပ်သား ၆ ဦးထက်မနည်း သေဆုံးပြီး တာလီဘန် လုံခြုံရေးတပ်ဖွဲ့ဝင် ၃ ဦး အပါအဝင် ဒဏ်ရာရသူ အများအပြားရှိခဲ့ကြောင်း Tolo News သတင်းတွင် ဖော်ပြထားသည်။

ကဘူးလ်မြို့ရှိ မလိခ်အဇဂါဟ် ရင်ပြင်ရှိ လုံခြုံရေးစစ်ဆေးရေးဂိတ်တစ်ခုအနီးတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ကဘူးလ်လုံခြုံရေးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ခါလစ်ဇာဒရမ်က ပြောကြားသည်။

နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဝန်ထမ်းများ ရုံးမှထွက်ခွာချိန်တွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း Khaama Press ကဖော်ပြသည်။
“ဖောက်ခွဲရေးသမားက မလိခ်အဇဂါဟ် ရင်ပြင်က ပစ်မှတ်နေရာကို မရောက်ခင် သူ့ကို စစ်ဆေးရေးဂိတ်မှာ မိသွားလို့ ဖောက်ခွဲခဲ့တာပါ” ဟု ကဘူးလ်ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ 

အဆိုပါ ပေါက်ကွဲမှုကြောင့် ကလေး ၁ ဦးအပါအဝင် ဒဏ်ရာရသူ ၁၂ ဦး ရရှိခဲ့ကြောင်းနှင့် ၂ ဦးမှာ ဆေးရုံအရောက်တွင် သေဆုံးခဲ့ကြောင်း ကယ်ဆယ်ရေးအဖွဲ့က ပြောသည်။  

ပေါက်ကွဲမှုနှင့် ပတ်သက်၍ တာလီဘန်အာဏာပိုင်များက မှတ်ချက်မပေးသေးသလို ကျူးလွန်သည့်အဖွဲ့ကိုလည်း မသိရှိရသေးပေ။ 
ကဘူးလ်နှင့် အခြားမြို့ပြဒေသများတွင် မကြာသေးမီလများအတွင်း တိုက်ခိုက်မှုအများအပြား ဖြစ်ပွားခဲ့ပြီး အချို့မှာ အိုင်အက်စ်စစ်သွေးကြွများက  လုပ်ဆောင်ခြင်းဖြစ်သည်။

နိုင်ငံခြားရေးဝန်ကြီးဌာနတွင် ဇန်နဝါရီလကလည်း အလုပ်ဆင်းချိန် ဗုံးပေါက်ကွဲမှုကြောင့် လူ ၅ ဦးထက်မနည်း သေဆုံးခဲ့ပြီး ဒါဇင်နှင့်ချီသော ဝန်ထမ်းများ ဒဏ်ရာရရှိခဲ့ကြသည်။ 

တာလီဘန်အစိုးရက နိုင်ငံလုံခြုံရေးအတွက် အလေးထားလုပ်ဆောင်နေကြောင်းနှင့် မကြာသေးမီ ရက်သတ္တပတ်များအတွင်း အိုင်အက်စ်အဖွဲ့ဟု သံသယရှိသူများအား စီးနင်းတိုက်ခိုက်မှု အများအပြား လုပ်ဆောင်ခဲ့ကြောင်း ပြောကြားသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly