တရုတ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ထိုင်ဝမ်အရေးကိစ္စတို့အပေါ် စိုးရိမ်ကြောင်း နယူးဇီလန် နိုင်ငံခြားရေးဝန်ကြီး  ပြောကြား

By The Guardian
30 March 2023
တရုတ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ထိုင်ဝမ်အရေးကိစ္စတို့အပေါ် စိုးရိမ်ကြောင်း နယူးဇီလန် နိုင်ငံခြားရေးဝန်ကြီး  ပြောကြား

တရုတ်နိုင်ငံ၏ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ထိုင်ဝမ်နှင့် တင်းမာမှုများ ကြီးထွားလာခြင်းအပေါ် စိုးရိမ်ပူပန်မိကြောင်း နယူးဇီလန်နိုင်ငံခြားရေးဝန်ကြီးက တရုတ်နိုင်ငံခြားရေးဝန်ကြီးနှင့်တွေ့ဆုံစဉ် ပြောကြားသည်။

"ရှင်ကျန်းရှိ လူ့အခွင့်အရေး အခြေအနေနှင့် ဟောင်ကောင်၏ အခွင့်အရေးနှင့် လွတ်လပ်ခွင့်များ ပျက်သုဉ်းသွားခြင်းနှင့် ပတ်သက်၍ နယူးဇီလန်အစိုးရက အလေးအနက် စိုးရိမ်ကြောင်း  နာနာအီရာ မာဟူတာက တရုတ်နိုင်ငံခြားရေးဝန်ကြီး ကျင်ဂန်းအား ပြောကြားခဲ့ကြောင်း မတ် ၂၅ ရက်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

မာဟူတာသည် တောင်တရုတ်ပင်လယ်အတွင်း တိုးတက်မှုဖြစ်စဉ်များနှင့် ပတ်သက်သော စိုးရိမ်ဖွယ်ရာများကိုလည်း ကျင်ဂန်းနှင့် ဆွေးနွေးခဲ့သည်။ 
မာဟူတာသည် နယူးဇီလန်နိုင်ငံခြားရေးဝန်ကြီးတစ်ဦးအနေဖြင့် ယခုသီတင်းပတ်တွင် တရုတ်နိုင်ငံသို့ ၂၀၁၈ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်လာရောက်ခြင်း ဖြစ်သည်။

ရုရှား၏ တရားမဝင်စစ်ပွဲအတွက် တရုတ်က သေစေနိုင်သော လက်နက်များ ပံ့ပိုးကူညီမည်ကိုလည်း  နယူးဇီလန်က စိုးရိမ်ကြောင်း မာဟူတာက ပြောကြားခဲ့သည်။

နယူးဇီလန်သည် ရှင်ကျန်းရှိ ဝီဂါလူနည်းစုများအပေါ် ဖိနှိပ်မှုသတင်းများနှင့် ပတ်သက်၍ ၎င်း၏ အကြီးဆုံးကုန်သွယ်ဖက်ဖြစ်သည့် တရုတ်နိုင်ငံကို ယခင်က အပြင်းအထန် ဝေဖန်ခဲ့သည်။
ပစိဖိတ်ဒေသတွင် တရုတ်က စစ်အင်အား တိုးမြှင့်ရန် ကြိုးပမ်းနေကြောင်း အမေရိကန်က စွပ်စွဲနေမှုအပေါ် နယူးဇီလန်က ထောက်ခံခဲ့သည်။ 

တရုတ်သမ္မတ ရှီကျင့်ဖျင်လက်ထက် မကြာသေးမီနှစ်များအတွင်း တရုတ်၏ စစ်အင်အားပြ ခြိမ်းခြောက်မှုများ ပိုမိုပြင်းထန်လာခဲ့ပြီး ယူကရိန်းအပေါ် ရုရှားကျူးကျော်မှုကြောင့် တရုတ်က ထိုင်ဝမ်ကို အလားတူ ကျူးကျော်လာမည်ကို စိုးရိမ်မှုများ မြင့်တက်စေခဲ့သည်။
မာဟူတာသည် ခရီးစဉ်အတွင်း တရုတ်ဗဟိုနိုင်ငံခြားရေးကော်မရှင် ညွှန်ကြားရေးမှူး ဝမ်ယိနှင့်လည်း တွေ့ဆုံခဲ့သည်။

"နယူးဇီလန်အနေနဲ့ ငြိမ်းချမ်း တည်ငြိမ်တဲ့ ပစိဖိတ်ဒေသအရေးကို စိတ်ဝင်စားပါတယ်” မာဟူတာက အလေးအနက်ထား ပြောကြားခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly