တရုတ်နှင့် ရင်ဆိုင်နိုင်ရေး အမေရိကန်က ဘတ်ဂျက်ပြင်ဆင်ထား 

By Taipei Times
30 March 2023
တရုတ်နှင့် ရင်ဆိုင်နိုင်ရေး အမေရိကန်က ဘတ်ဂျက်ပြင်ဆင်ထား 

အမေရိကန်စစ်တပ်အနေဖြင့်  တရုတ်နှင့် ဖြစ်လာနိုင်ခြေရှိသော ထိပ်တိုက်ရင်ဆိုင်မှုများအတွက် အသင့်ပြင်ထားရမည်ဟု အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်က  မတ်လ ၂၃ ရက်တွင် ပြောကြားခဲ့ပြီး အာရှနှင့် ကမ္ဘာတစ်ဝန်းရှိ တပ်ဖွဲ့များ ခေတ်မီတိုးတက်စေရန် ပင်တဂွန်က အဆိုပြုထားသော အမေရိကန်ဒေါ်လာ ၈၄၂ ဘီလီယံ ဘတ်ဂျက်ကို အတည်ပြုရန် ကွန်ဂရက်ကို တိုက်တွန်းလိုက်သည်။ 

“ဒါဟာ မဟာဗျူဟာအရ သုံးစွဲမယ့် ဘတ်ဂျက်ဖြစ်ပြီး တရုတ်နိုင်ငံနဲ့ ကျွန်တော်တို့ရဲ့ မဟာဗျူဟာမြောက် ပြိုင်ဆိုင်နေမှုအပေါ် စိုးရိမ်မှုတွေကြောင့် တောင်းရတဲ့ ဘတ်ဂျက်ပါ” ဟု အော်စတင်က အမေရိကန် အောက်လွှတ်တော် ကာကွယ်ရေးဆိုင်ရာ အသုံးစရိတ်ခွဲဝေသတ်မှတ်ရေးဆပ်ကော်မတီသို့ ပြောကြားခဲ့သည်။

အော်စတင်က နည်းပညာသစ်များ တိုးတက်လာမှုကို ထောက်ပြလျက် အင်ဒို-ပစိဖိတ်ဒေသတွင် စစ်ရေးစွမ်းရည်မြှင့်တင်ရန်နှင့် မဟာမိတ်များကို ခုခံကာကွယ်ရေးအတွက် ယမန်နှစ်ကထက် ၄၀ ရာခိုင်နှုန်းများသော  ဘတ်ဂျက် အမေရိကန်ဒေါ်လာ ၉ ဘီလီယံကျော်ကို သုံးစွဲရန် အဆိုပြုထားသည်။  

တရုတ်သမ္မတ ရှီကျင့်ဖျင်၏ ရုရှားခရီးစဉ်အပြီး အော်စတင်၏ အဆိုပြုချက် ထွက်ပေါ်လာခြင်းဖြစ်သည်။ ရှီ၏ ခရီးစဉ်ကြောင့် ရုရှားသမ္မတ ဗလာဒီမာပူတင်၏ ယူကရိန်းစစ်ပွဲအပေါ် တရုတ်၏ ထောက်ခံမှု အရှိန်မြှင့်ကာ အနောက်နိုင်ငံများအား ခြိမ်းခြောက်လာနိုင်သည်ဟူသော စိုးရိမ်မှုများကို မြင့်တက်စေခဲ့သည်။   

တရုတ်နိုင်ငံ၏ လုပ်ဆောင်ချက်များသည် အိမ်နီးချင်းနိုင်ငံများ အထူးသဖြင့် အမေရိကန်နှင့်  ထိပ်တိုက်ရင်ဆိုင်မှုများနှင့် ပဋိပက္ခဖြစ်နိုင်သော လမ်းကြောင်းသို့ ဦးတည်နေကြောင်း  အမေရိကန် ပူးတွဲစစ်ဦးစီးချုပ်များ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မာ့ခ်မီလီက ပြောကြားခဲ့သည်။ 

စစ်ပွဲကို ဟန့်တားခြင်းနှင့် ပြင်ဆင်ခြင်းက ကုန်ကျစရိတ်များသော်လည်း စစ်ပွဲဆင်နွှဲခြင်းလောက် ကုန်ကျမှု မရှိကြောင်းနှင့် ယင်းဘတ်ဂျက်သည် စစ်ပွဲကို တားဆီးနိုင်သလို လိုအပ်ပါက  တိုက်ခိုက်ရေးအတွက် မိမိတို့အား အသင့်ဖြစ်စေကြောင်း  အော်စတင်က ပြောကြားခဲ့သည်။

အမေရိကန် ကိုယ်စားလှယ်တစ်ဦးဖြစ်သူ ဟယ်ရော်ဂျာက ရှီနှင့်ပူတင်၏တွေ့ဆုံမှုနှင့် တရုတ်နှင့်အမေရိကန်ယှဉ်ပြိုင်မှုအပေါ် ယင်း၏ သက်ရောက်မှုရှိပုံတို့အား အဓိကပြဿနာများအဖြစ် တင်ပြခဲ့သည်။ 
နျူကလီးယား အင်အားကြီးနှစ်နိုင်ငံ ဖြစ်သော တရုတ်နှင့် ရုရှားအကြား  ကြီးထွားလာသော မဟာမိတ်ဖွဲ့မှုနှင့် ယူကရိန်းစစ်ပွဲအတွင်း ပူတင်အား ရှီ၏ ချဉ်းကပ်မှုသည် စိုးရိမ်စရာကောင်းကြောင်း အော်စတင်က ပြောကြားခဲ့သည်။

တရုတ်က ရုရှားအား လက်နက်များ ပံ့ပိုးကြောင်း အမေရိကန်အနေဖြင့် မတွေ့မြင်ရသေးဘဲ ပံ့ပိုးခဲ့ပါက ပဋိပက္ခကို ရှည်ကြာစေနိုင်ပြီး ဒေသတွင်းသာမက ကမ္ဘာတစ်ဝန်းရှိ ပဋိပက္ခကို ပိုဆိုးလာစေမည်မှာ အသေအချာပင်ဖြစ်ကြောင်း အော်စတင်က ဆိုသည်။ 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly