ထိုင်ဝမ်ငါးဖမ်းသင်္ဘောများ အင်ဒိုနီးရှားရေပြင်တွင် ပစ်ခတ်ခံရ

ထိုင်ဝမ်ငါးဖမ်းသင်္ဘောများ အင်ဒိုနီးရှားရေပြင်တွင် ပစ်ခတ်ခံရ

တိုင်ပေ၊ မတ် ၂၂ ။             ။ မလက္ကာရေလက်ကြားတွင် အင်ဒိုနီးရှားသင်္ဘောတစ်စင်းက ထိုင်ဝမ်းငါးဖမ်းသင်္ဘောနှစ်စင်းကို လိုက်လံပစ်ခတ်ခဲ့သည်ဆိုသည့် စွပ်စွဲချက်များကို စုံစမ်းစစ်ဆေးလျက်ရှိသည်ဟု ထိုင်ဝမ်က မတ် ၂၂ တွင်ပြောသည်။ နိုင်ငံတစ်ခုခု၏ ပိုင်နက်မဟုတ်သော ပင်လယ်ပြင်တွင် အကြမ်းဖက်မှုမှာ လက်ခံနိုင်ဖွယ်မရှိဟု ထိုင်ဝမ်က ဂျာကာတာကို သတိပေးသည်။

အင်ဒိုနီးရှားက တောင်တရုတ်ပင်လယ်အလွန် ၎င်း၏ရေပိုင်နက်တွင် တရားမဝင်ငါးဖမ်းနေသည်ဟု သံသယရှိသော တရုတ်သင်္ဘောတစ်စင်းမှ လူများကို ထိန်းသိမ်းပြီးနောက် ရက်အနည်းငယ်အကြာ ယခုအဖြစ်အပျက် ပေါ်ပေါက်ခြင်းဖြစ်သည်။ထို့ကြောင့် အင်ဒိုနီးရှားသည့် တရုတ်နှင့်လည်း တင်းမာလျက်ရှိသည်။ မတ်၂၁အစောပိုင်းက ထိုင်ဝမ် တူနာငါးဖမ်းပိုက်ချသင်္ဘောနှစ်စင်းသည် အင်ဒိုနီးရှားရေပိုင်နက်ကို ဖြတ်သန်းလျက်ရှိစဉ် အင်ဒိုနီးရှားအစိုးရသင်္ဘောများက လိုက်လံပစ်ခတ်သည်ဟု ယုံကြည်ရကြောင်း ထိုင်ဝမ်ငါးလုပ်ငန်းအေဂျင်စီက ပြောသည်။

စွပ်စွဲချက်များကို စုံစမ်းစစ်ဆေးရန်နှင့် ဖြစ်စဉ်တွင် အင်ဒိုနီးရှားသင်္ဘော ပတ်သက်မှုရှိမရှိ စုံစမ်းရန် ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနက ဂျာကာတာရှိ ၎င်း၏ ကိုယ်စားလှယ်ကို ညွှန်ကြားထားသည်။ ဖြစ်စဉ်တွင် ပင်လယ်ဓါးပြသင်္ဘောတစ်စင်းပါဝင်သည်ဟု အာဏာပိုင်များက သံသယရှိခဲ့သော်လည်း အင်ဒိုနီးရှားအစိုးရသင်္ဘောတစ်စင်းသာ ဖြစ်နိုင်သည်ဟု ထိုင်ဝမ်ဝန်ကြီးချုပ် ချန်စန်းချန်က ပြောသည်။

"အင်ဒိုနီးရှားရဲ့ သီးသန့်စီးပွားရေးဇုန်ထဲ ရှိနေခဲ့မယ်ဆိုရင်တောင် ကျွန်တော်တို့ သင်္ဘောတွင် ထိခိုက်မှုတစ်စုံတစ်ရာ မဖြစ်စေဘဲ ဖြတ်သန်းလို့ရပါတယ်။ ဒါ့ကြောင့် ရှင်းလင်းစရာတွေတော့ အများကြီးရှိပါတယ်"ဟု ၎င်းက မတ် ၂၂ တွင်ပြောသည်။ "အင်ဒိုနီးရှားအနေနဲ့ တရားမဝင်ငါးဖမ်းတာတွေ့ရင်တောင် ကျွန်တော်တို့သင်္ဘောတွေကို အကြမ်းဖက်နည်းလမ်းတွေ မသုံးသင့်ဘူး။ ဒီလိုအကြမ်းဖက်နည်းတွေက လက်ခံနိုင်စရာမရှိပါဘူး"ဟု ၎င်းကပြောသည်။

ငါးဖမ်းသင်္ဘောတစ်စင်းတွင် ကျည်ပေါက် ၁၀ ပေါက်ကျော်တွေ့ရသည်ဟု ထိုင်ဝမ်ငါးလုပ်ငန်းအေဂျင်စီက ပြောသည်။ ငါးဖမ်းသင်္ဘောများပေါ်တွင် ရှိနေခဲ့သူများမှာ အန္တရာယ်မရှိဘဲ ပျက်စီးမှုကို အကဲဖြတ်ရန် စင်ကာပူသို့ သွားနေခဲ့သည်ဟု အေဂျင်စီက ထပ်မံပြောသည်။ ဖြစ်စဉ်ကို စစ်ဆေးလျက်ရှိသော်လည်း သတင်းအချက်အလက် မရရှိသေးကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေးနှင့် ရေလုပ်ငန်းဝန်ကြီးဋ္ဌာနတို့က ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly