ဘုရင်ကို စော်ကားမှုဖြင့် တရားစွဲခံရသည့် ကမ္ဘောဒီးယား တက်ကြွလှုပ်ရှားသူကို တရားရုံးက ပြန်လွှတ်

ဘုရင်ကို စော်ကားမှုဖြင့် တရားစွဲခံရသည့် ကမ္ဘောဒီးယား တက်ကြွလှုပ်ရှားသူကို တရားရုံးက ပြန်လွှတ်
Cambodia's Prime Minister Hun Sen. Photo: EPA

ကမ္ဘောဒီးယားနိုင်ငံတွင် ဘုရင်ကို စော်ကားမှုဖြင့် ကြုံတောင့်ကြုံခဲ စွဲချက်များဖြင့် ရင်ဆိုင်နေရသော အတိုက်အခံ တက်ကြွလှုပ်ရှားသူတစ်ဦးသည် မတ်လ ၂၈ ရက်က ပြန်လွတ်လာခဲ့ကြောင်း သိရသည်။ ထိုမတိုင်မီ ၎င်းသည် ဘုရင်နှင့် နိုင်ငံ၏ သက်တမ်းရှည် ခေါင်းဆောင် ဟွန်ဆန်တို့ကို လူသိရှင်ကြား တောင်းပန်ချက် ထုတ်ပြန်ခဲ့သည်။

အတိုက်အခံ နှစ်ဦးဖြစ်သည့် ယင်မ် ဆီနွန်နှင့် ဟွန် ခိုဆဲလ် တို့သည် ပြီးခဲ့သည့် သီတင်းပတ်က ဖမ်းဆီးခံခဲ့ရပြီး ဘုရင်ကို စော်ကားမှု၊ ဖေ့ဘွတ်ခ်ပို့စ်များဖြင့် ကြီးလေးသော မငြိမ်မသက်မှုဖြစ်စေရန် သွေးထိုးလှုံ့ဆော်မှုတို့ဖြင့် တရားစွဲဆိုခံခဲ့ရသည်။
ကမ္ဘောဒီးယားတွင် လာမည့် ဆီးဂိမ်း ပြိုင်ပွဲအတွက် မီးရှူးတိုင် ထွန်းညှိရန် ဘုရင် နိုရိုဒွန် ဆီဟာမိုနီ ၊ ဝန်ကြီးချုပ် ဟွန်ဆန်နှင့် အစိုးရအကြီးတန်းအရာရှိများက အန်ကောဝပ် ဘုရားကျောင်းရှိ ရုပ်သံထုတ်လွှင့်သော အခမ်းအနားတစ်ခုကို တက်ရောက်ခဲ့ပြီးနောက် အထက်ပါအတိုက်အခံနှစ်ဦးက ဖေ့ဘွတ်ခ်ပို့စ်များကို ရေးခဲ့ကြခြင်းဖြစ်သည်။

“ကော်ဖီဆိုင်တွေက ပြည်သူတွေရဲ့ ပြောသံတွေအရ ဒီနေ့မှာ ဘယ်သူက ဘုရင်အစစ်လဲဆိုတာကို ကျွန်တော်တို့ သဲသဲကွဲကွဲ တွေ့နိုင်ပါတယ်” ဟု အတိုက်အခံ ခေါင်းဆောင် ခမ် ဆွန်ခါ၏ အနီးကပ်လက်ထောက်တစ်ဦးဖြစ်သည့် ဆီနွန်က ရေးခဲ့ခြင်း ဖြစ်သည်။

သို့သော် ပြီးခဲ့သည့် အင်္ဂါနေ့ ညနေခင်းတွင် ၎င်းသည် ဘုရင် နိုရိုဒွန် ဆီဟာမိုနီ နှင့် ဝန်ကြီးချုပ် ဟွန်ဆန်တို့အပေါ် လူသိရှင်ကြား တောင်းပန်စာ ထုတ်ပြန်ခဲ့ပြီး ၎င်း၏ “မရည်ရွယ်သော အမှား” အတွက် ခွင့်လွှတ်ပေးရန် တောင်းပန်ခဲ့သည်။

ယင်းနောက် ၎င်းအား အာမခံဖြင့် လွှတ်ပေးရန် ဆုံးဖြတ်ချက် ထွက်ရှိပြီးနောက် တရားသူကြီးတစ်ဦးက ယင်မ် ဆီနွန်ကို ပြန်လွှတ်ပေးရန် အကျဉ်းထောင်တာဝန်ရှိသူများကို ညွှန်ကြားခဲ့ကြောင်း အေအက်ဖ်ပီက ကြည့်ခွင့်ရသည့် ဝရမ်းစာတစ်စောင်အရ သိရသည်။

ထောင်ဒဏ် တစ်နှစ်နှင့် ငါးနှစ်အကြား ပြစ်ဒဏ်တို့ ချမှတ်နိုင်သည့် ၂၀၁၈ တော်ဝင်ဘုရင်စော်ကားမှု ဥပဒေ ပြဋ္ဌာန်းခြင်းက အတိုက်အခံ အမြင်သဘောကွဲလွဲသူများအပေါ် ပစ်မှတ်ထားရန် အသုံးချနိုင်ကြောင်း လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများက အစောပိုင်းက သတိပေးထားသည်။

ကမ္ဘာ့ သက်တမ်းအကြာဆုံး ခေါင်းဆောင်တစ်ဦးဖြစ်သည့် ဟွန်ဆန်သည် ၁၉၈၅ ခုနှစ်က အာဏာရပြီးနောက်ပိုင်း ဒီမိုကရေစီလွတ်လပ်ခွင့်များကို ပြန်လည်ထိခိုက်ထားစေခဲ့ကြောင်းနှင့် အတိုက်အခံများကို ဖိနှိပ်ရန် တရားရုံးများကို အသုံးပြုနေကြောင်း ၎င်းအပေါ် ဝေဖန်သူများက ပြောသည်။

ယခုလအစောပိုင်းကလည်း ဟွန်ဆန် အစိုးရကို ဖြုတ်ချရန် နိုင်ငံခြားသားများနှင့် လျှို့ဝှက်ပူးပေါင်းကြံစည်သည် ဆိုပြီး အတိုက်အခံ ခေါင်းဆောင် ခမ် ဆွန်ခါကို နိုင်ငံတော်သစ္စာဖောက်မှုဖြင့် ထောင်ဒဏ် ၂၇ နှစ်ချပြီး နေအိမ်အကျယ်ချုပ် ချထားသည်။
ကမ္ဘောဒီးယားတွင် လာမည့် ဇူလိုင်လ၌ အထွေထွေ ရွေးကောက်ပွဲတစ်ရပ် ကျင်းပသွားရန် ရှိနေသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly