ထိုင်ဝမ်ရေလက်ကြားတွင် ငြိမ်းချမ်းရေးဖော်ဆောင်ရန် အမေရိကန်နှင့် ကနေဒါတောင်းဆို

By Taipei Times
29 March 2023
ထိုင်ဝမ်ရေလက်ကြားတွင် ငြိမ်းချမ်းရေးဖော်ဆောင်ရန် အမေရိကန်နှင့် ကနေဒါတောင်းဆို

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့် ကနေဒါဝန်ကြီးချုပ် ဂျက်စတင်ထရူးဒိုးတို့က ထိုင်ဝမ်ရေလက်ကြားတွင် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းရန် အရေးကြီးကြောင်း မတ်လ ၂၄ ရက်တွင် ပူးတွဲကြေညာချက်ထုတ်ပြန်ခဲ့ပြီး ပြဿနာများကို ငြိမ်းချမ်းစွာဖြေရှင်းရန် တရုတ်နှင့် ထိုင်ဝမ်တို့အား တိုက်တွန်းလိုက်သည်။

"ထိုင်ဝမ်နဲ့ပတ်သက်တဲ့ မိမိတို့ရဲ့ အခြေခံရပ်တည်ချက်တွေဟာ မပြောင်းလဲဘူးဆိုတာ အလေးပေးပြောကြားလိုပြီး ထိုင်ဝမ်ရေလက်ကြားတစ်လျှောက် ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးဟာ နိုင်ငံတကာအသိုင်းအဝိုင်းမှာ မရှိမဖြစ်လိုအပ်တဲ့ လုံခြုံရေးနဲ့ သာယာဝပြောရေးအတွက် အရေးပါကြောင်း ထပ်မံ ပြောကြားလိုပါတယ်" ဟု ဘိုင်ဒင်၏ ကနေဒါခရီးစဉ်အတွင်း ထုတ်ပြန်ခဲ့သော ပူးတွဲကြေညာချက်တွင် နှစ်နိုင်ငံခေါင်းဆောင်များက ပြောကြားခဲ့သည်။

ရေလက်ကြားဖြတ်ကျော်ပြဿနာများကို ငြိမ်းချမ်းစွာဖြေရှင်းရန်လည်း တိုက်တွန်းကြောင်း  အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 
ရုရှားနိုင်ငံတွင် တရုတ်နှင့် ရုရှားခေါင်းဆောင်များ ထိပ်သီးဆွေးနွေးပွဲကျင်းပပြီးနောက် ရက်ပိုင်းအကြာတွင် အာဏာရှင်အစိုးရများကို တညီတညွတ်တည်း ဆန့်ကျင်ကြောင်း ဘိုင်ဒင်နှင့် ထရူးဒိုးတို့က ပြသခဲ့ခြင်း ဖြစ်သည်။ 

စီးပွားရေး အကျပ်ကိုင်မှု၊ စျေးကွက်ဦးစားပေးမဟုတ်သော မူဝါဒများ၊ အလေ့အထများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကဲ့သို့သော ထိပါးနှောင့်ယှက်သည့် လုပ်ရပ်များအပါအဝင် တရုတ်က ချမှတ်ထားသော နိုင်ငံတကာစည်းမျဉ်းနှင့်ပတ်သက်၍ ဆိုးရွားသော ရေရှည်စိန်ခေါ်မှုကို အမေရိကန်နှင့် ကနေဒါ နိုင်ငံတို့က သတိထားမိကြောင်း ယင်းကြေညာချက်တွင် ဖော်ပြထားသည်။

ရာသီဥတုဖောက်ပြန်မှုကဲ့သို့ နှစ်ဦးနှစ်ဖက် အကျိုးစီးပွားဆိုင်ရာ နယ်ပယ်များတွင် တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပြီး တရုတ်နှင့် မျှမျှတတ ထိထိရောက်ရောက် ယှဉ်ပြိုင်နိုင်စွမ်းရှိစေရန် မိမိတို့ သန္နိဋ္ဌာန်ချထားကြောင်း၊ မိမိတို့၏ လူ့အဖွဲ့အစည်းအတွင်း ပြည်ပဝင်ရောက်စွက်ဖက်မှုကို တန်ပြန်ရန်  ဒီမိုကရေစီတန်ဖိုးများကို ထင်ဟပ်စေသည့် နည်းလမ်းဖြင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 
နှစ်နိုင်ငံခေါင်းဆောင်များသည် မတ်လ ၁၀ ရက်နေ့တွင် ပထမအကြိမ်မြောက် အမေရိကန်-ကနေဒါ အင်ဒို-ပစိဖိတ် မဟာဗျူဟာ ဆွေးနွေးပွဲကို ကြိုဆိုခဲ့ပြီး လွတ်လပ် ပွင့်လင်း ၊ သာယာဝပြော လုံခြုံစိတ်ချရသည့် အင်ဒို-ပစိဖိတ်ဒေသကို ဖော်ဆောင်ရေး ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းထုတ်ပြန်ချက်တွင် ထပ်မံဖော်ပြခဲ့သည်။

ထရူးဒိုးနှင့် ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် အမေရိကန်သမ္မတဘိုင်ဒင်က တရုတ်နှင့် ရုရှားတို့၏ ပူးပေါင်းဆောင်ရွက်မှုအဆင့်ကို မေးခွန်းထုတ်ခဲ့ပြီး တရုတ်က ယူကရိန်းအရေးတွက် ရုရှားအား လက်နက်များ ထောက်ပံ့သည်ကို မတွေ့ရသေးကြောင်း ပြောကြားခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly