အာဖဂန်နစ္စတန်တွင် တာလီဘန်များ အာဏာသိမ်းပိုက်ထားစဉ်မှာ အာဖဂန်လုပ်ငန်းရှင်တစ်ဦးက မိန်းကလေးငယ်များ ဘာသာရပ်အမျိုးမျိုး ပညာသင်ကြားနိုင်ရန် ကူညီပေးခြင်းဖြင့် နိုင်ငံအတွင်း အပြောင်းအလဲသစ်ကို ဖော်ဆောင်လျက်ရှိကြောင်း Khaama Press သတင်းက ဖော်ပြသည်။
တာလီဘန်များ အာဏာမသိမ်းမီက ကဘူးလ်တွင် စားသောက်ဆိုင် ဖွင့်ခဲ့သော အသက် ၄၃ နှစ်အရွယ် အမျိုးသမီး စွန့်ဦးတီထွင်သူသည် ယခုအခါ မိန်းကလေးများအား တိတ်တဆိတ် ပညာသင်ကြားပေးနေသည်။
သူမသည် အာဖဂန်နစ္စတန်တွင်ပင် နေထိုင်နေပြီး နိုင်ငံတွင်းမှ မထွက်ခွာနိုင်သော အာဖဂန်အမျိုးသမီးအချို့အား လုံခြုံရေးကွန်ရက်တစ်ခု ဖန်တီးပေးခဲ့သည်။
“ငလျင်ဒဏ်ခံရပြီး အရာအားလုံး ဆုံးရှုံးလိုက်သလို ခံစားရပါတယ်” ဟု အဆိုပါ လုပ်ငန်းရှင်အမျိုးသမီးက ပြောသည်။ တာလီဘန်က အမျိုးသမီးများအား လုပ်ငန်းများကို လုပ်ကိုင်ခွင့်မပြုသောကြောင့် သူမသည် Taj Begum စားသောက်ဆိုင်ကို ပိတ်ထားရသည်။
“လူ့အဖွဲ့အစည်းရဲ့ တစ်ဝက်လောက်ဟာ ချေမှုန်းခံလိုက်ရတာပါ။ အမျိုးသမီး တစ်ယောက်အနေနဲ့ ကိုယ့်အကျိုးအတွက်သာမက အမျိုးသမီးအားလုံးရဲ့ အကျိုးစီးပွားအတွက်ပါ လုပ်ဆောင်ဖို့ ကိုယ့်ကိုယ်ကိုယ် ခံယူထားပါတယ်” ဟု သူမက အာဖဂန်နစ္စတန်သတင်းဌာန Khaama Press သို့ ပြောကြားခဲ့သည်။
သူမသည် အစိုးရအပြောင်းအလဲအပြီးတွင် Mother Educational Center ကို ထူထောင်ခဲ့သည်။ အဆိုပါကျောင်းသည် မိန်းကလေးဦးရေ ၅၀၀ အား သင်္ချာ၊ ရူပဗေဒ၊ ပန်းချီ၊ ဓာတ်ပုံ၊ လက်ဝတ်ရတနာဖန်တီးမှုနှင့် အင်္ဂလိပ်ဘာသာစကားအပါအဝင် ဘာသာရပ်မျိုးစုံ သင်ကြားပေးလျက်ရှိသည်။
အက်ရှ်ရက်ဖ်ဂါနီ အစိုးရပြုတ်ကျပြီး အာဖဂန်ကို တာလီဘန်တို့ သိမ်းပိုက်ပြီးနောက် နိုင်ငံတွင်းရှိ အမျိုးသမီးများသည် အဆိုးရွားဆုံး ဖိနှိပ်ချုပ်ခြယ်မှုများ ခံစားနေကြရသည်။ အမျိုးသမီးများအား ထိပ်ပိုင်းရာထူးများမပေးရန် တားမြစ်ထားသလို အမျိုးသားအဖော်မပါလျှင် ခရီးသွားခွင့်မပေးပေ၊။
တာလီဘန်အစိုးရက ၂၀၂၂ ခုနှစ် မတ်လ ၂၃ ရက်နေ့တွင် ကျောင်းများအားလုံး ပြန်ဖွင့်မည်ဟု ကတိပြုခဲ့သော်လည်း ထိုနေ့တွင် မိန်းကလေးများအတွက် အလယ်တန်းကျောင်းများကို ထပ်မံပိတ်ထားခဲ့သည်။
ကျောင်းများ ပြန်ဖွင့်မည့်အချိန်နှင့်ပတ်သက်ပြီး အာဏာပိုင်များက ကြေညာချက် ထုတ်ပြန်ခြင်းမရှိပေ။
အာဖဂန်နစ္စတန်တွင် အမျိုးသမီးအခွင့်အရေးသည် ပြည်တွင်းရေးပြဿနာဖြစ်ပြီး ပြည်ပနိုင်ငံများက ဝင်ရောက်စွက်ဖက်ခြင်းမပြုသင့်ကြောင်း တာလီဘန်က ဆိုသည်။
"နိုင်ငံတကာအနေနဲ့ အာဖဂန်နစ္စတန်နဲ့ ပတ်သက်တဲ့ တာဝန်တွေကို နားလည်သင့်တယ်။ အာဖဂန်နစ္စတန်ပြည်သူတွေနဲ့ ဒီအမျိုးသမီးတွေအပေါ် နိုင်ငံတကာက ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ထားပါတယ်။ အာဖဂန်ငွေကို ထိန်းချုပ်ထားပြီး တိုးတက်မှုတွေကို ဟန့်တားနေကြပါတယ်" ဟု တာလီဘန်အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဇာဘီအူလာ မူဂျာဟစ်က ပြောကြားခဲ့သည်။