ရွှေဘိုမြို့ ကားကြီးကွင်းအနီး မိုင်းဖောက်ခွဲမှုအား ပြင်းထန်စွာရှုတ်ချကြောင်း  Black Wolf Army PDF ထုတ်ပြန် 

By စိုင်းခန့် (မဇ္စျိမ)
29 March 2023
ရွှေဘိုမြို့ ကားကြီးကွင်းအနီး မိုင်းဖောက်ခွဲမှုအား ပြင်းထန်စွာရှုတ်ချကြောင်း  Black Wolf Army PDF ထုတ်ပြန် 

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ ကားကြီးကွင်းအနီး ဖြစ်ပွားခဲ့သည့် မိုင်းပေါက်ကွဲမှု နှစ်ကြိမ်ကြောင့် အပြစ်မဲ့ ပြည်သူများ ထိခိုက်သေဆုံးခဲ့ရသည့်အပေါ်  ဖောက်ခွဲမှု ပြုလုပ်ခဲ့သည့် အဖွဲ့အစည်းအား ပြင်းထန်စွာ ရှုတ်ချကြောင်း Black Wolf Army PDF က သတင်းထုတ်ပြန်သည်။ 

ရွှေဘိုမြို့ ကားကြီးကွင်းအနီးရှိ တံတားပေါ် နှင့် ကားကွင်းမြောက်ဘက်ရှိ လမ်းပေါ်တွင် ယမန်နေ့ မတ်လ  ၂၈ ရက် နံနက်ပိုင်းက မိုင်းပေါက်ကွဲမှု တစ်ကြိမ်စီ ဖြစ်ပွားခဲ့ရာတွင် ပြည်သူနှစ်ဦးသေဆုံးခဲ့ပြီး ကလေးငယ် လေးဦးအပါအ၀င် ပြည်သူ ၄၀ ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့သည်ကို ကြားသိရကြောင်း Black Wolf PDF က ဆိုသည်။ 

ထိုသို့ အပြစ်မဲ့ပြည်သူများအား ထိခိုက်စေသည့်အတွက် ဖောက်ခွဲတိုက်ခိုက်မှုများလုပ်ဆောင်ခဲ့သည့် မည့်သည့်အဖွဲ့အစည်းကိုမဆို ပြင်းထန်စွာ ရှုတ်ချကြောင်း  BLACK WOLF - ARMY PDF က ဖော်ပြသည်။ 

မိုင်းဖောက်ခွဲတိုက်ခိုက်မှုတွင် ပြည်သူများ၏ အသက်၊ အိုးအိမ် ၊ စည်းစိမ် ကို ထိခိုက်နစ်နာစေခဲ့သည်ဖြစ်ရာ PDF များက လုပ်ဆောင်လိမ့်မည်မဟုတ်ကြောင်း ယုံကြည်သော်လည်း PDF များအနေဖြင့် လုပ်ဆောင်ခဲ့သည်ဆိုပါက ၀န်ခံကြရန်လည်း Black Wolf Army PDF က တိုက်တွန်းထားသည်။ 

သို့သော် မိုင်းပေါက်ကွဲမှု ဖြစ်ပွားသည့်နေ့ရက်က စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့တွင်  စစ်ကောင်စီအရာရှိများရောက်ရှိနေချိန်ဖြစ်ပြီး မြို့နေရာအနှံအပြားတွင်  စစ်သားများနေရာယူထားချိန်တွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ 

“ ပေါက်ကွဲမှုဖြစ်စဥ်မှာဆိုရင် စစ်ကောင်စီတပ်က အရာရှိတွေလာမယ်ဆိုရင် ကာမိုင်းတွေ ထောင်လေ့ရှိတယ်။ အဲ့လိုထောင်တဲ့အချိန် မိုင်းerror ဖြစ်ပြီး ပေါက်ကွဲတာလို့ ယူဆတယ်။ နောက်ထပ် သတင်းတစ်ခုထပ်ရတာက ပျူတွေလုပ်တယ်လို့လည်း ပြောကြတယ်။ မတ်လ ၂၅ ရက်နေ့ကလည်း ပြည်သူကားတစ်စီး မိုင်းထိမှန်ပြီး ဒဏ်ရာရတဲ့ ဖြစ်စဥ်လည်း ရှိခဲ့တယ်” ဟု Black Wolf Army PDF တာ၀န်ရှိသူက မဇ္စျိမကို ပြောသည်။ 

ကာမိုင်းဆိုသည်မှာ စစ်ကောင်စီတပ်မှ အရာရှိများလာရောက်သည့် လမ်းကြောင်းတစ်လျှောက်ရှိ တံတား(သို့မဟုတ်)လမ်းပေါ်တွင် မီတာ အကွာအဝေး သတ်မှတ်ကာ  ပြည်သူကာကွယ်ရေးတပ်ဖွဲ့များ၏ တိုက်ခိုက်မှု မခံရစေရန်နှင့် ၎င်းတို့၏  လုံခြုံရေးအတွက် စစ်ကောင်စီတပ်က ထောင်သည့် မိုင်းကို ဆိုလိုခြင်း ဖြစ်ကြောင်း သိရသည်။ 

လတ်တလောတွင် ရွေးကောက်ပွဲနီးလာသည့်အတွက် စစ်ကောင်စီတပ်က PDF များအပေါ် တိုက်ခိုက်မှု ပိုမိုတိုးမြှင့်လုပ်ဆောင်နေသလို PDF များအား နာမည်ဖျက်သည့် လုပ်ငန်းများ ပိုမိုလုပ်ဆောင်လာနိုင်ကြောင်း  Black Wolf Army PDF တာ၀န်ရှိသူက သုံးသပ်ပြောသည်။ 

“ ပြည်သူလူထုတွေကို ပိုမိုတိုက်ခိုက်မယ်။ ပြီးရင် PDF (ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့) တွေက လုပ်တယ်ဆိုပြီး သတင်းလွှင့်မယ်။ ပြည်သူနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေကြား ယုံကြည်မှုပျက်ပြားအောင်လုပ်မယ့် အခြေအနေလေးတွေလည်း ရှိလာနိုင်တယ်” ဟု ၎င်းက ဆိုသည်။ 

ပြည်သူလူထုထိခိုက်ခဲ့ရသည့် မိုင်းပေါက်ကွဲမှုသည် စစ်ကောင်စီတပ်ထောင်ထားသည့် မိုင်းများကြောင့် ဖြစ်ပေါ်ခဲ့သည်ဆိုပါက စစ်ကောင်စီ တပ်ရင်း နံပါတ်၊ အမည်နှင့် ကိုယ်ရေးအချက်အလက်များအား ပေးပို့ကြရန်နှင့်  ၎င်းတို့၏ လုပ်ရပ်အတွက် လက်စားချေတိုက်ခိုက်သွားမည်ဖြစ်ကြောင်း  BLACK WOLF - ARMY PDF ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

စာတည်း - သန့်ဇော်(သန်လျင်) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required