မကွေးတိုင်း အမှတ်(၁)စစ်ဒေသ အပတ်စဥ်( ၄ )သင်တန်းဆင်းပွဲ ပြုလုပ် ဒရုန်းနှင့် လက်နက်များ တပ်ဆင်ပေး 

By စိုင်းခန့် (မဇ္စျိမ)
29 March 2023
မကွေးတိုင်း အမှတ်(၁)စစ်ဒေသ အပတ်စဥ်( ၄ )သင်တန်းဆင်းပွဲ ပြုလုပ် ဒရုန်းနှင့် လက်နက်များ တပ်ဆင်ပေး 

ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အမှတ် (၁) စစ်ဒေသ၊ မကွေးတိုင်းကွပ်ကဲရေးရုံးမှ​ ဦးစီးကျင်းပသည့် စုဖွဲ့၊ လေ့ကျင့်၊ လက်နက်တပ်ဆင်မှုသင်တန်း အပတ်စဥ် (၄)သင်တန်းဆင်းပွဲနှင့် လက်နက်ပေးအပ်ပွဲကို ပြီးခဲ့သည့် မတ်လ ၂၇ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်း NUG ကာကွယ်ရေး၀န်ကြီးဌာနက ယနေ့တွင် သတင်းထုတ်ပြန်သည်။ 

အဆိုပါ သင်တန်းဆင်းပွဲကို မကွေးတိုင်းတစ်နေရာတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ကာကွယ်ရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီးမှ ပေးပို့သည့် သ၀ဏ်လွှာကို ဖတ်ကြားခြင်း၊ မိန့်ခွန်းပြောကြားခြင်းနှင့် လက်နက်ပေးအပ်သည့် အစီအစဥ်များကို ထည့်သွင်းကျင်းပခဲ့ကြောင်း သိရသည်။ 

စုဖွဲ့၊ လေ့ကျင့်၊ လက်နက်တပ်ဆင်မှုသင်တန်း အပတ်စဥ် (၄) တွင် တက်ရောက်ခဲ့သည့် ပြည်သူ့ကာကွယ်ရေးရဲဘော်များ၏ အင်အားအတိအကျကို ထည့်သွင်း မဖော်ပြထားသော်လည်း သင်တန်းကာလအတွင်း လက်နက်ငယ်၊ လက်နက်ကြီး ကျွမ်းကျင်မှုဘာသာရပ်များ၊ Drone နှင့် စနိုက်ပါ သင်တန်းများကိုပါ ထည့်သွင်းသင်ကြားပေးခဲ့ကြောင်း NUG ကာကွယ်ရေး၀န်ကြီးဌာနက ဆိုသည်။ 

သင်တန်းဆင်းပွဲကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) မကွေးတိုင်း ကွပ်ကဲရေးရုံးမှ တာ၀န်ရှိသူများ၊ ခရိုင်ကွပ်ကဲရေးမှုးများ၊ တပ်ရင်းအသီးသီးမှ တပ်ရင်းမှူး၊ ဒုတပ်ရင်းမှုးများ နှင့် တာ၀န်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။ 

ထို့အပြင် အခမ်းအနားတွင် ပြည်သူ့ကာကွယ်ရေးရဲဘော် သင်တန်းသားများက PDF သီချင်းများ သံပြိုင်ရွတ်ဆိုခြင်း၊ တပ်ရင်းတပ်ဖွဲ့များနှင့် ဒေသခံကျေးရွာများမှ စိတ်ဓာတ်မြှင့်တင်ရေးအစီအစဥ်များကို ပြုလုပ်ကာ အခမ်းအနားကို အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ကြောင်း NUG ကာကွယ်ရေး၀န်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

စာတည်း - သန့်ဇော်(သန်လျင်) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly