တာလီဘန်အစိုးရက  ၁၄ နိုင်ငံတွင် သံတမန်များ စေလွှတ်ထားဟု ဆို

By TOLOnews
29 March 2023
တာလီဘန်အစိုးရက  ၁၄ နိုင်ငံတွင် သံတမန်များ စေလွှတ်ထားဟု ဆို

တာလီဘန်အစိုးရသည်   နိုင်ငံပေါင်း ၁၄ နိုင်ငံထက်မနည်းတွင် သံတမန်များ စေလွှတ်ထားပြီး နိုင်ငံရပ်ခြားရှိ အခြားသော သံတမန်ရေးရာအဖွဲ့များကို ဦးဆောင်နိုင်ရန်လုပ်ဆောင်နေကြောင်း တာလီဘန် ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

ယခင်အစိုးရ၏ သံတမန်များသည် လက်ရှိနိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း တာလီဘန်အစိုးရ၏ ပြောရေးဆိုခွင့်ရှိသူ ဇာဘီအူလာ မူဂျာဟစ်က ပြောကြားခဲ့သည်။

“သံတမန်အချို့က ကျွန်တော်တို့နဲ့ ထိတွေ့ဆက်ဆံတာ မရှိသလို အချို့ကတော့ ကျွန်တော်တို့ကို အဆက်အသွယ် မလုပ်ချင်တာပါ။ ဘာပဲဖြစ်ဖြစ် သူတို့က ဘယ်ဘက်ကိုမှ ကိုယ်စားမပြုတဲ့သူတွေပါ။ ကျွန်တော်တို့ နိုင်ငံခြားရေးဌာနနဲ့ အဆက်အသွယ်ရှိတဲ့ သံတမန်တွေက  တာလီဘန်အစိုးရနဲ့ အာဖဂန်နစ္စတန် ပြည်သူတွေကို ကိုယ်စားပြုပါတယ်” ဟု ပြောကြားခဲ့သည်။

သို့သော် အာဖဂန်နစ္စတန်၏ သံတမန်တာဝန်များကို ထမ်းဆောင်နေသော အစိုးရဟောင်း၏ သံတမန်အချို့က တာလီဘန်အစိုးရသည် နိုင်ငံတကာစံနှုန်းများကို လိုက်နာမှု မရှိခြင်းကြောင့် ၎င်းတို့အနေဖြင့် တရားဝင်ဆက်ဆံရေး မရှိကြောင်း ပြောကြားသည်။

“သံတမန်တချို့က တိုင်းပြည်ရဲ့ နိုင်ငံရေးအခြေအနေကြောင့် လွှမ်းမိုးခံနေရပြီး တာလီဘန်တွေနဲ့ ပူးပေါင်းဖို့ ဖိအားပေးခံနေရပါတယ်။ ဥရောပနဲ့ အမေရိကန်မှာရှိတဲ့ သံရုံးတချို့ကတော့ ဘက်ပြောင်းခဲ့ကြပါတယ်” ဟု သံတမန်ဟောင်း မဟ်ဒီမင်နဒီက ပြောသည်။

“အာဖဂန်က တာလီဘန် အစိုးရဌာနနဲ့ တရားဝင်အဆက်အသွယ်မရှိပါဘူး။ သံရုံးရဲ့ အဓိက ပန်းတိုင်တစ်ခုက နိုင်ငံသားတွေကို ကောင်စစ်ဝန်ရုံးဝန်ဆောင်မှုတွေကို ပွင့်လင်းမြင်သာစွာနဲ့ ပုံမှန်ဆောင်ရွက်ပေးဖို့ပါပဲ” ဟု ရောမမြို့ရှိ အာဖဂန်နစ္စတန်သံရုံးမှ သံတမန် အာမက် ခါလစ် အာဂ်ဘာက ပြောကြားခဲ့သည်။

သို့သော် တာလီဘန်အစိုးရအဖွဲ့  အသိအမှတ်ပြုမခံရမချင်း နိုင်ငံတကာရှိ အာဖဂန်သံတမန်အဖွဲ့အစည်းများ၏ ကံကြမ္မာမှာ မရေမရာဖြစ်နေကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူအချို့က ပြောသည်။

“အနောက်နိုင်ငံတွေမှာရှိတဲ့ သံတမန်တွေဟာ သက်ဆိုင်ရာနိုင်ငံတွေက အာဖဂန်ဒုက္ခသည်တွေအတွက် ကောင်စစ်ဝန်ရုံးဝန်ဆောင်မှုတွေကို ဆောင်ရွက်ပေးနေတာပါ။ ဒါက အဆင်ပြေပေမယ့် သူတို့ရဲ့ ဝင်ငွေတွေကို ပွင့်လင်းမြင်သာစွာ ထုတ်ပြန်သင့်ပါတယ်” ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ တိုရက်ဖာဟာဒီက ပြောသည်။

အီရန်၊ တူရကီ၊ ပါကစ္စတန်၊ ယူအေအီး၊ ရုရှား၊ တရုတ်နှင့် ကာဇက်စတန်အပြင် အာရပ်နှင့် အာဖရိကနိုင်ငံအချို့တွင်လည်း သံတမန်အဖွဲ့များ ရှိနေကြောင်း တာလီဘန်အစိုးရအဖွဲ့ အကြီးအကဲများက ပြောသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly