ဟွန်ဒူးရပ်စ်နိုင်ငံက ထိုင်ဝမ်နှင့် အဆက်ဖြတ်ကာ တရုတ်နှင့် သံတမန်ဆက်ဆံရေး ထူထောင်

By Aljazeera
29 March 2023
ဟွန်ဒူးရပ်စ်နိုင်ငံက ထိုင်ဝမ်နှင့် အဆက်ဖြတ်ကာ တရုတ်နှင့် သံတမန်ဆက်ဆံရေး ထူထောင်

ဟွန်ဒူးရပ်စ်နိုင်ငံသည် တရုတ်ကို ဦးစားပေးသည့်အနေဖြင့် ထိုင်ဝမ်နှင့် ဆယ်စုနှစ်များစွာ သက်တမ်းရှိ သံတမန်ဆက်ဆံရေးကို အဆုံးသတ်လိုက်သည့်အတွက် ထိုင်ဝမ်အစိုးရက ၎င်း၏လက်ကျန် မဟာမိတ်အနည်းငယ်ကို ဆွဲဆောင်ရန် တရုတ်က အကျပ်ကိုင် ခြိမ်းခြောက်သည့်နည်းကို အသုံးပြုခဲ့ကြောင်း စွပ်စွဲပြစ်တင်လိုက်သည်။

ဟွန်ဒူးရပ်စ်အစိုးရအနေဖြင့် တရုတ်တစ်နိုင်ငံတည်းမူဝါဒကို  အသိအမှတ်ပြုကြောင်း  ဟွန်ဒူးရပ်စ် နိုင်ငံခြားရေးဝန်ကြီးဌာနက မတ်လ ၂၅ ရက်တွင် ပြောကြားခဲ့သည်။

တရုတ်အစိုးရသည် တရုတ်အားလုံးကို ကိုယ်စားပြုသည့် တစ်ခုတည်းသော တရားဝင်အစိုးရဖြစ်ကြောင်းနှင့် ထိုင်ဝမ်သည် တရုတ်ပိုင်နက်နယ်မြေ၏ ခွဲထွက်၍မရသော အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း ဟွန်ဒူးရပ်စ်အစိုးရက ပြောကြားခဲ့သည်။

ဟွန်ဒူးရပ်စ်က ထိုင်ဝမ်ထံ သံတမန်ရေး အဆက်အသွယ်ဖြတ်မည့်ဆုံးဖြတ်ချက်ကို အကြောင်းကြားခဲ့ပြီး ၎င်းနှင့် ဆက်ဆံရေးမှန်သမျှကို ဖြစ်စေ၊ တရားဝင်ဆက်ဆံရေးကိုဖြစ်စေ ပြန်လည်ပြုလုပ်သွားမည်မဟုတ်ဟု ဆိုသည်။ 
ယင်း ဆောင်ရွက်ချက်ကြောင့် ထိုင်ဝမ်အား အသိအမှတ်ပြုသည့် အချုပ်အခြာအာဏာပိုင်နိုင်ငံ ၁၃ နိုင်ငံသာ ရှိတော့သည်။ 

တရုတ်နှင့် ထိုင်ဝမ်တို့သည် ၁၉၄၉ ခုနှစ် ပြည်တွင်းစစ်တွင် နှစ်ဖွဲ့ကွဲပြီးချိန်မှစ၍ သံတမန်ရေးအရ အသိအမှတ်ပြုခံရရေး ပြိုင်ဆိုင်ခဲ့ကြရာ တရုတ်အစိုးရသည် တရုတ်တစ်နိုင်ငံတည်း မူဝါဒကို အသိအမှတ်ပြုမှု ရရှိရန် ငွေကြေးဘီလီယံနှင့်ချီ အသုံးပြုလျက်ရှိသည်။ 

တရုတ်က ထိုင်ဝမ်သည် အစိုးရအချင်းချင်း ဆက်သွယ်ပိုင်ခွင့်မရှိသည့် ၎င်းပိုင် ပြည်နယ်များထဲမှ တစ်ခုအဖြစ် ယူဆထားပြီး ယင်းသဘောထားကို ဒီမိုကရေစီနည်းကျ ရွေးကောက်ခံတင်မြောက်ခံထားရသည့် ထိုင်ဝမ်အစိုးရက ပြင်းပြင်းထန်ထန် ကန့်ကွက်လျက်ရှိသည်။ 

ဟွန်ဒူးရပ်စ် နိုင်ငံခြားရေးဝန်ကြီးသည် ပြီးခဲ့သည့် သီတင်းပတ်က တရုတ်နိုင်ငံသို့ သွားရောက်ပြီးနောက် ထိုင်ဝမ်နှင့် ဟွန်ဒူးရပ်စ်တို့၏ ဆက်ဆံရေးကို အဆုံးသတ်ရန် မျှော်လင့်ထားခဲ့ကာ သမ္မတ စီရိုမာရာ ကက်စ်ထရိုက ၎င်း၏ အစိုးရသည် တရုတ်နှင့် သံတမန်ဆက်ဆံရေး ထူထောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ 
ဟွန်ဒူးရပ်စ်က ကြေညာပြီး မကြာမီ တရုတ်က ၎င်းသည် ဟွန်ဒူးရပ်စ်နှင့် ဆက်ဆံရေး ထူထောင်ထားကြောင်း ကြေညာခဲ့သည်။

ထိုင်ဝမ်သမ္မတ စိုင်အင်ဝမ်က အဆိုပါ အပြောင်းအလဲသည် တရုတ်၏ အကျပ်ကိုင်မှုနှင့် ခြိမ်းခြောက်မှုများ၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် ထိုင်ဝမ်၏ နိုင်ငံတကာ နယ်ပယ်ကို ကျဉ်းမြောင်းစေရန် ဖိနှိပ်ခဲ့သည်မှာ ကြာမြင့်ပြီဖြစ်ပြီး ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို တစ်ဖက်သတ် အန္တရာယ်ဖြစ်စေလျက်ရှိကြောင်း ထိုင်ဝမ်သမ္မတရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီး ဂျိုးဇက်ဝူက ဟွန်ဒူးရပ်စ်ရှိ သံရုံးကို ပိတ်သိမ်းကာ သံအမတ်ကြီးကို ပြန်လည်ခေါ်ယူသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly