ယင်းမာပင်နှင့် ဆားလင်းကြီးတို့ရှိ စစ်ကောင်စီတပ် တိုက်ခိုက်ခံရ 

By KMN (မဇ္ဈိမ)
28 March 2023
ယင်းမာပင်နှင့် ဆားလင်းကြီးတို့ရှိ စစ်ကောင်စီတပ် တိုက်ခိုက်ခံရ 

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နှင့်ဆားလင်းကြီးမြို့နယ်တို့ရှိ စစ်ကောင်စီတပ်စခန်းများကို တော်လှန်ရေးနေ့ အထိမ်းအမှတ်အဖြစ် မတ်လ ၂၇ ရက်နေ့ကတိုက်ခိုက်ခဲ့ကြောင်း ကာကွယ်ရေး တပ်ဖွဲ့များမှ ပြောသည်။ 

ယင်းမာပင်မြို့နှင့် ဆားလင်းကြီးမြို့တို့တွင် အဖွဲ့ သုံးဖွဲ့ခွဲကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အဖွဲ့ (၁) အနေဖြင့် မတ်လ ၂၇ ရက်၊ နံနက် ၂ နာရီခွဲတွင် ယင်းမာပင်မြို့သစ်တောရုံးဝန်းနှင့် မြို့အဝင်မှ စစ်ကောင်စီဂိတ်များကို ၈၀ မမ ဖြင့်ပစ်ခတ်ခဲ့ကြောင်းဆိုသည်။ 

အဆိုပါတိုက်ခိုက်မှုကို နယ်ခံ ပ.က.ဖ များနှင့်ပူးပေါင်းဖော်ဆောင်ခဲ့ခြင်းဖြစ်ပြီး လက်နက်ကြီးကျည်ကြောင့် စစ်သားအချို့သေဆုံးနိုင်ချေရှိသည်ဟု Salingyi Special Task Force - SSTF တာဝန်ရှိသူက ပြောသည်။ 

ဒေသခံကာကွယ်ရေးတပ်အဖွဲ့ (၂) အနေ့ဖြင့် ယင်းနေ့၊ မွန်းလွဲပိုင်း၌ ဆားလင်းကြီးမြို့ရှိ ရွှေမုဋ္ဌောကျောင်းအနီးနှင့် ရဲစခန်းတို့အား စစ်ကောင်စီတပ်သားများတန်းစီနေစဉ် ၆၀ မမ ကွန်မန်ဒိုစိန်ပြောင်းဖြင့်ပစ်ခတ်ခဲ့၍ တပ်သား နှစ်ဦးသေနိုင်ကြောင်းဆိုသည်။

ထို့အတူ အဖွဲ့ (၃) အနေဖြင့် ယင်းနေ့ ညနေ ၃ နာရီခွဲခန့်တွင် ယင်းမာပင်မြို့ရဲစခန်းနှင့် ဝါတိုက်ရုံးတို့ကို ဒရုန်းများအသုံးပြုတိုက်ခိုက်ခဲ့ပြီး စစ်သားနှင့်ရဲ ခုနစ်ဦးထိခိုက်ကာ ငါးဦး သေဆုံးနိုင်ကြောင်း ဆိုပြန်သည်။ 

မတ်လ ၂၇ ရက်နေ့ တိုက်ခိုက်မှုများအား Shar Htoo Waw နည်းပညာအဖွဲ့၊ စစ်ကိုင်းခရိုင် တပ်ရင်း -(၄ )MSPDF အညာသား ပြောက်ကျားတပ်ဖွဲ့၊ Phoenix အထူးပြောက်ကျားတပ်ဖွဲ့၊ Salingyi Special Task Force - SSTF တပ်ခွဲ "SPACE MAN" Drone အဖွဲ့၊ မြောက်ယမားအဖွဲ့ တို့ ပူးပေါင်းကာ လုပ်ဆောင်ခဲ့ကြောင်းသက်ဆိုင်ရာအဖွဲ့များမှသိရသည်။

စာတည်း ။ ။  Alden
စာမူတည်းဖြတ်။   ။သန့်ဇော်(သန်လျင်) 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly