NUG မှာတော်လှန်ရေး၏ အစိတ်အပိုင်းသာဖြစ်ပြီး မည်သည့်အာဏာရှင်မျှ မပေါ်ပေါက်စေရန် လုပ်ဆောင်နေခြင်းဖြစ်သည်ဟု နိုင်ငံခြားရေးဝန်ကြီးပြော 

By 002 (မဇ္စျိမ)
28 March 2023
NUG မှာတော်လှန်ရေး၏ အစိတ်အပိုင်းသာဖြစ်ပြီး မည်သည့်အာဏာရှင်မျှ မပေါ်ပေါက်စေရန် လုပ်ဆောင်နေခြင်းဖြစ်သည်ဟု နိုင်ငံခြားရေးဝန်ကြီးပြော 

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)သည် တော်လှန်ရေး၏ အစိတ်အပိုင်းသာဖြစ်ပြီး စစ်အာဏာရှင်သာမက မည်သည့်အာဏာရှင်မျှ မပေါ်ပေါက်စေရန် လုပ်ဆောင်နေခြင်းဖြစ်သည်ဟု မတ်လ၂၆ ရက်က ပြုလုပ်သည့်  ကိုရီးယားအခြေစိုက် တော်လှန်ရေးအဖွဲ့အစည်းများ၊ လူမှုရေးအသင်းများ၊ ထင်ပေါ် လှုပ်ရှားသူများ၏ မျက်နှာစုံညီ တွေ့ဆုံဆွေးနွေးပွဲတွင် NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောကြားခဲ့သည်။ 

"သေချာတာကတော့ ကျွန်မတို့ တိုင်းပြည်ကို ဖက်ဒရယ်ဒီမိုကရေစီ ထူထောင်မယ့် တူညီတဲ့ပန်းတိုင်တစ်ခုကို အငြင်းပွားဖွယ်ရာမရှိ အားလုံးလက်ခံနိုင်ကြပြီဖြစ်တယ်။ မတူကွဲပြားမှုတွေကို ဘယ်လိုအလုပ်လုပ်ကြမလဲ။ ဘုံရန်သူဖြစ်တဲ့ စစ်အာဏာရှင်ကိုရော ၊ မည်သည့်အာဏာရှင်စနစ်မှ ပြန်လည်မပေါ်ပေါက်ရေးအတွက်ရော ကျွန်မတို့ တော်လှန်တိုက်ပွဲဝင်ကြတဲ့အခါမှာ မတူကွဲပြားတဲ့ အင်အားစုတွေကြားထဲက ပူးပေါင်းဆောင်ရွက်မှုတွေ၊ နားလည်မှုတွေ၊ ညှိနှိုင်းဆွေးနွေးမှုတွေ၊ ဝေဖန်သုံးသပ်အကြံပြုမှုတွေက အင်မတန်မှ တန်ဖိုးရှိပါတယ်" ဟု NUG နိုင်ငံခြားရေးဝန်ကြီးက ပြောသည်။ 

နွေဦးတော်လှန်ရေးတွင် ပါဝင်နေသည့် NUG အစိုးရအဖွဲ့ သည်လည်း တော်လှန်ရေး၏ အစိတ်အပိုင်းတစ်ခုသာဖြစ်သည်ဟု ဝန်ကြီးဒေါ်ဇင်မာအောင်က ပြောသည်။ 

"ကျွန်မတို့ ကိုယ်စားလှယ်ရုံးတွေ ရှိတယ်ဆိုပေမယ့်လည်း တကယ့်တကယ်ကကျတော့ အမျိုးသားညီညွတ်ရေး အစိုးရသည်ပင်လျှင် ဒီတော်လှန်ရေးထဲက အစိတ်အပိုင်းတစ်ခုပဲ ဖြစ်တယ်။ ဒီအစိတ်အပိုင်းကို ဝိုင်းရံအားဖြည့်ပြီးတော့ ဘယ်လိုပြောရမလဲ ကျားကန်ပေးနေကြတဲ့ တော်လှန်ရေး အင်အားစုတွေ အစုအဖွဲ့ အသီးသီးတိုင်းကို ကျွန်မတို့က ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်။ ဘာကြောင့်လဲဆိုတော့ NUG ရဲ့ တော်လှန်ရေးမဟုတ်ဘူး။ တစ်စုတစ်ဖွဲ့ တော်လှန်ရေးမဟုတ်ဘူး"  ဟု နိုင်ငံခြားရေးဝန်ကြီးက ပြောသည်။ 

အဆိုပါတွေ့ဆုံဆွေးနွေးပွဲကို ကိုရီးယားနိုင်ငံရှိ တော်လှန်ရေးအဖွဲ့အစည်းပေါင်း ၄၀ ကျော်နှင့် အခြားဖိတ်ကြားထားသူများ အပါအဝင် ကိုယ်စားလှယ် ၇၀ ခန့် တက်ရောက်ခဲ့သည်။ 

ယင်းဆွေးနွေးပွဲတွင် စစ်အာဏာရှင်စနစ် အဆုံးသတ်၍ ဖက်ဒရယ် ဒီမိုကေရစီ ပြည်ထောင်စု တည်ဆောက်ရေး နိုင်ငံရေး ရည်မှန်းချက်ကို မမှိတ်မသုန် ဆောင်ရွက်ရန်၊ NUG အစိုးရကို ထောက်ခံ ထောက်ပံ့သွားရန် သဘောတူခဲ့ကြသည်။ 

ထို့ပြင် ကိုရီးယားနိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ်ရုံးအတွက် တော်လှန်ရေးအဖွဲ့အစည်းများ၏ လစဉ်ထောက်ပံ့ငွေစနစ် ထူထောင်ရန်၊ တော်လှန်ရေး ထောက်ပံ့ရန်ပုံငွေဆိုင်ရာ မဟာဗျူဟာတစ်ရပ် ရေးဆွဲရန်၊ ကိုယ်စားလှယ်ရုံးမှ ဦးဆောင်၍ အားလုံးပါဝင်နိုင်မည့် ရန်ပုံငွေရှာဖွေပွဲ ကျင်းပရန်၊ အဖွဲ့အစည်းများ အားလုံးပါဝင်သည့် Network တခု ထူထောင်ရန် တို့ကို ဆုံးဖြတ်ခဲ့ကြသည်။ 

စာတည်း။      ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။  ။ သန့်ဇော်(သန်လျင်) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly