အာဖဂန်တွင် လမ်းဖောက်ရာမှ တွေ့ရှိသော ရှေးဟောင်းဒင်္ဂါးပြား ၅၇ ခုအား အမျိုးသားပြတိုက်သို့ လွှဲပြောင်းပေးအပ် 

By Tolo News
28 March 2023
အာဖဂန်တွင် လမ်းဖောက်ရာမှ တွေ့ရှိသော ရှေးဟောင်းဒင်္ဂါးပြား ၅၇ ခုအား အမျိုးသားပြတိုက်သို့ လွှဲပြောင်းပေးအပ် 

အာဖဂန်နစ္စတန်နိုင်ငံ ဘက်ဂ်လန်ပြည်နယ် ဂျယ်လ်ဂါအာရမ်ဧရိယာမှ ဒေသခံများသည် လမ်းဖောက်လုပ်စဉ် တွေ့ရှိခဲ့သော ရှေးဟောင်းဒင်္ဂါးပြား ၅၇ ခုကို အမျိုးသားပြတိုက်သို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း ပြည်နယ် သတင်းအချက်အလက်နှင့်ယဉ်ကျေးမှုဌာန ဒါရိုက်တာ အာဆာဒူလာ မူစတာဖာ ဟာရှီမီက ပြောကြားသည်။

"ဒင်္ဂါးပြားတွေဟာ နှစ်ပေါင်း ၂ ၀၀၀ ကျော် သက်တမ်းရှိခဲ့တဲ့ သမိုင်းကြောင်းရှိပါတယ်၊ ဒါက နောက်ဆုံး အတည်ပြုချက်မဟုတ်သေးပါဘူး၊ နောက်ထပ် လေ့လာဆန်းစစ်မှုတွေ လုပ်ဦးမှာပါ။ ပစ္စည်းတွေကို ပြန်ကြားရေးနဲ့ ယဉ်ကျေးမှုဌာနကို လွှဲပြောင်းပေးလိုက်ပါပြီ" ဟု ဟာရှီမီက ပြောကြားခဲ့သည်။

အမျိုးသားပြတိုက်၏ ယာယီညွှန်ကြားရေးမှူး မိုဟာမက် ဇူဘား အီဗာဒီက ၎င်းသည် သမိုင်းဝင် အထိမ်းအမှတ် အဆောက်အအုံများကို ကာကွယ်ရန် တာဝန်ယူထားပြီး ပြီးခဲ့သောလက မှောင်ခိုမှုပေါင်း ၅၀ ကို တားဆီးနိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။

“အကောက်ခွန်နဲ့ လေဆိပ်ကတစ်ဆင့် ခိုးထုတ်မယ့် အမွေအနှစ်ပစ္စည်းအများအပြားကို အမျိုးသားပြတိုက်က တာဝန်ရှိသူတွေက တားဆီးနိုင်ခဲ့ပါတယ်”   အီဗာဒီက ပြောကြားခဲ့သည်။

အမျိုးသားပြတိုက်သို့ လာရောက်လည်ပတ်သူအချို့ကလည်း သမိုင်းဝင်ပစ္စည်းများ မှောင်ခိုကူးခြင်းကို တားဆီးရန် တာလီဘန်များအား တိုက်တွန်းခဲ့သည်။

“ကျွန်တော်တို့ နိုင်ငံရဲ့ ပြည်နယ်တွေမှာ မြောက်မြားစွာသော ရှေးဟောင်း အမွေအနှစ်တွေ ရှိတယ်။ အဲ့ဒါတွေကို လူတိုင်း လာရောက် ကြည့်ရှုနိုင်စေဖို့ ပြပွဲကို ယူဆောင်လာသင့်ပါတယ်” ဟု ကဘူးလ်မြို့ခံ မိုဟာမက် အိုမာက ပြောကြားခဲ့သည်။

“ကျွန်တော်တို့နိုင်ငံက အမွေအနှစ်ပစ္စည်းတွေကို  အခြားနိုင်ငံအမည်နဲ့ မရောင်းချအောင် မှောင်ခိုကူးမှုကို တားဆီးသင့်တယ်” ဟု ကဘူးလ်မြို့ခံ ဆာလာဟူဒင် ပြောကြားခဲ့သည်။

အာဖဂန်တွင် ဆယ်စုနှစ်များစွာကြာမြင့်သော စစ်ပွဲများအတွင်း အမျိုးသားပြတိုက်မှ  ခိုးယူခံခဲ့ရသည့် ရှေးဟောင်း အမွေအနှစ်ပစ္စည်း  ၁၀၀ ၀၀၀ ကျော် အနက်၂၀ ရာခိုင်နှုန်းသာ ပြန်လည်ရရှိခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly