အာဖဂန်နစ္စတန်တွင် ယမန်နှစ်က ရာဇဝတ်မှုမျိုးစုံဖြင့် လူ ၃၉၂၇ ဦး ဖမ်းဆီးခံခဲ့ရ

By ANI
27 March 2023
အာဖဂန်နစ္စတန်တွင် ယမန်နှစ်က ရာဇဝတ်မှုမျိုးစုံဖြင့် လူ ၃၉၂၇ ဦး ဖမ်းဆီးခံခဲ့ရ

အာဖဂန်နစ္စတန်တွင် ပြီးခဲ့သည့်နှစ်အတွင်း ရာဇဝတ်မှုမျိုးစုံဖြင့် လူ ၃ ၉၂၇ ဦး ဖမ်းဆီးခံခဲ့ရကြောင်း ကဘူးလ်လုံခြုံရေးဌာနက ထုတ်ပြန်သည်။

အများစုမှာ မူးယစ်ဆေးဝါး ရောင်းဝယ်မှု၊ ပြန်ပေးဆွဲမှု၊ လုယက်မှုတို့ဖြင့် ဖမ်းဆီးအရေးယူခံရခြင်းဖြစ်သည်။

အကျဉ်းသားများထံမှ လက်နက်များနှင့် ခဲယမ်းမီးကျောက်အချို့ကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း ကဘူးလ်လုံခြုံရေးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ခါလဒ် ဇာဒရန်က နှစ်ပတ်လည် သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။

"ပြီးခဲ့တဲ့နှစ်အတွင်း ကဘူးလ်မှာ လူသတ်မှု ၁၅၆ မှု ဖြစ်ပွားခဲ့ပြီး လူ ၂၃၆ ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။ အိမ်တွင်း ဝင်ရောက် ဓားပြတိုက်မှု ၅၅၃ မှု၊ ကားခိုးမှုနဲ့ လုယက်မှုတွေလည်း ရှိခဲ့ပါတယ်။ အဲဒီအမှုတွေနဲ့ ဆက်စပ်ပြီး လူ ၉၀၁ ဦးကို ဖမ်းဆီးထားပါတယ်" ဟု ဇာဒရန်က ပြောကြားခဲ့သည်။

လူသတ်မှုဖြင့် ၂၃၆ ဦး၊ အကြမ်းဖက် လုပ်ရပ်များဖြင့် ၆၆ ဦး၊ လုယက်မှုဖြင့် ၉၀၁ ဦး၊  မြေသိမ်းမှု၊ လာဘ်ပေး လာဘ်ယူမှု၊ အိမ်တွင်း အကြမ်းဖက်မှုတို့ဖြင့် ၁ ၈၃၆ ဦး၊ မူးယစ်ဆေးဝါး ရောင်းဝယ်မှုဖြင့် ၈၈၈ ဦးကို ဖမ်းဆီးအရေးယူခဲ့ကြောင်း TOLO သတင်းက ဖော်ပြသည်။

မှုခင်းဖြစ်ပွားမှုနှုန်းသည် ယခင်နှစ်များနှင့် နှိုင်းယှဉ်ပါက ကျဆင်းသွားကြောင်း တာဝန်ရှိသူများက ပြောသည်။

"ကျွန်တော်တို့မှာ စစ်ရေးလေ့ကျင့်မှု အတွေ့အကြုံများစွာ ရှိပါတယ်။ ပြည်သူတွေကို နေ့ရောညပါ ဝန်ဆောင်မှုပေးနေပါမယ်" ဟု အဘဒူဘာရီက ပြောကြားခဲ့သည်။

ဇဒရန်က ဒေသခံများအား လုံခြုံရေးတပ်ဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ရန်လည်း တောင်းဆိုခဲ့သည်။

ရာမဒန်ဥပုသ်လအတွင်း ဒေ့ရှ်တိုက်ခိုက်ရေးသမားများသည် ကဘူးလ်ရှိ ဘာသာရေးအဆောက်အအုံများကို တိုက်ခိုက်ရန် စီစဉ်ခဲ့ကြသော်လည်း ၎င်းတို့၏ အစီအစဉ်များ ပျက်ပြားသွားခဲ့သည်ဟု တာလီဘန်အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဇဘီရူလာမူဂျာဟစ် ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly