သာယာဝတီထောင်တွင် နိုင်ငံရေးအကျဉ်းသူ ၂ ဦးကို ထောင်ဝန်ထမ်းများကဝိုင်းရိုက်ပြီး တိုက်ပိတ်

By 001 မဇ္စျိမ
27 March 2023
သာယာဝတီထောင်တွင် နိုင်ငံရေးအကျဉ်းသူ ၂ ဦးကို ထောင်ဝန်ထမ်းများကဝိုင်းရိုက်ပြီး တိုက်ပိတ်
ဓာတ်ပုံ - သာယာဝတီထောင်ပြန် နိုင်ငံရေးအကျဉ်းသားများမှ (Anti Labour) တိုက်ပွဲဖြစ်စဉ်ကို ပြန်လည်သရုပ်ပြစဉ်။ (၂၀၁၇၊ ဒီဇင်ဘာ)

ပဲခူးတိုင်း၊ သာယာဝတီထောင်တွင် နိုင်ငံရေးအကျဉ်းသူနှစ်ဦးကို အကျဉ်းထောင်ဝန်ထမ်းအချို့မှ မတ်လ ၁၃ ရက် တနင်္လာနေ့တွင် ဝိုင်းရိုက်ပြီးတိုက်ပိတ်ခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသားများနှင့် နီးစပ်သူ တစ်ဦးက မဇ္ဈိမသို့ပြောသည်။

သာယာဝတီထောင်၊ အဆောင်(၅)မှ အကျဉ်းသူတစ်ဦး ပုံစံမထိုင်တက်၍ရိုက်နှက်ခံရခြင်းဖြစ်ပြီး မရိုက် နှက်ရန်ဝင်တားသည့် အခြားအကျဉ်းသူတစ်ဦးပါ ရိုက်နှက်ခံရခြင်း ဖြစ်သည်။

“ပထမဆုံးပုံစံထိုင်တဲ့ကောင်မလေးကိုရိုက်တာ၊ ရင်ဘတ်ကို လေးခွနဲ့အနီးကပ်ပစ်တယ်တဲ့။ မျက်နှာ လည်း စုတ်ပြတ်သွားပြီး နံရိုးတွေလည်း ခြေထောက်နဲ့ ဝိုင်းကန်တယ်။ အင်္ကျီကစုတ်သွားပြီး ရင်သားတွေ ပေါ်တဲ့အထိ ဆွဲဆောင့်တယ်တဲ့ ”ဟု ၎င်းက ဆိုသည်။

ရိုက်နှက်မှုကြောင့် အကျဉ်းသူတစ်ဦး ဘယ်ဖက်မျက်နှာတစ်ခြမ်း ဖူးယောင်ဒဏ်ရာရရှိခဲ့ကာ အကျဉ်းသူ နှစ်ဦးလုံးအား ဆေးဝါးကုသပေးခြင်းမရှိဘဲ တိုက်ပိတ်လိုက်ကြောင်း သိရသည်။

အကျဉ်းသူနှစ်ဦး ရိုက်နှက်ခံရသည့်ဖြစ်စဉ်ကိုမြင်တွေ့သည့် အခြားနိုင်ငံရေးအကျဉ်းသားများမှ တားမြစ် ပြောဆိုရာ ထောင်ဝန်ထမ်းများက အဆိုပါနိုင်ငံရေးအကျဉ်းသားများကိုပါ တိုက်ပိတ်မည်ဟု ခြိမ်းခြောက် ပြီး နာမည်မှတ်သွားကြောင်း ဆိုသည်။

“မင်းတို့ကောင်တွေကို တိုက်ပိတ်လိုက်လို့လည်းရတယ်။ သတ်ပစ်လိုက်လို့လည်းရတယ်။ လူမသိ၊ သူမသိ တဲ့နေရာ ပို့လိုက်လို့လည်းရတယ်လို့ပြောပြီးတော့ စာရင်းကောက်သွားတယ်ကြားတယ်” ဟု နိုင်ငံရေး အကျဉ်းသားများနှင့် နီးစပ်သူတစ်ဦးကပြောပြသည်။

သာယာဝတီထောင်ရှိ နိုင်ငံရေးအကျဉ်းသူ၊ အကျဉ်းသားများကို စစ်ကောင်စီလက်အောက်ခံ ထောင်ဝန် ထမ်းများမှ ရိုင်းပြစွာဆဲဆိုမှုများ၊ ညှင်းပန်းနှိပ်စက်မှုများ ပြုလုပ်လေ့ရှိကြောင်း ၎င်းကဆိုသည်။

ထို့ပြင် ပြစ်ဒဏ်တွင် အလုပ်ကြမ်းမပါသည့် နိုင်ငံရေးအကျဥ်းသားများကိုလည်း အလုပ်ကြမ်းများ ခိုင်းစေ နေကြောင်း နိုင်ငံရေးအကျဉ်းသားများနှင့် နီးစပ်သူများထံမှသိရသည်။

စစ်အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ်မှ ၂၀၂၃ ခုနှစ် မတ်လ ၂၄ ရက်နေ့အတွင်း မြန်မာတစ်နိုင်ငံလုံး၌ ဖမ်းဆီး ချုပ်နှောင်ခံရသူ စုစုပေါင်း ၁၆,၉၇၈ ဦးရှိပြီး ၎င်းတို့အနက် ၅,၂၀၆ ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်း ခံထား ရကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ထုတ်ပြန်ချက်တွင်ဖော်ပြ ထားသည်။

ထို့ပြင် အာဏာသိမ်းကာလအတွင်း မြန်မာနိုင်ငံအနှံ့အပြားတွင် စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းခံရပြီး နောက် သတ်ဖြတ်ခံရသူ ၁,၀၇၀ ဦးရှိကြောင်း AAPP မှ ယနေ့ မတ်လ ၂၇ ရက်နေ့တွင် ထုတ်ပြန်ထား သည်။

စာတည်း ။ ။Alden
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly