ထိုင်ဝမ်က အာရှတွင် စတုတ္ထမြောက် အပျော်ရွှင်ဆုံးနိုင်ငံအဖြစ် ရပ်တည်နေ 

By Focus Taiwan
27 March 2023
ထိုင်ဝမ်က အာရှတွင် စတုတ္ထမြောက် အပျော်ရွှင်ဆုံးနိုင်ငံအဖြစ် ရပ်တည်နေ 

ထိုင်ဝမ်သည် အပျော်ရွှင်ဆုံးနိုင်ငံအဖြစ် အာရှတွင် နံပါတ် ၄ နှင့် ကမ္ဘာတွင် နံပါတ် ၂၇ နေရာ၌ ရပ်တည်နေကြောင်း ကုလသမဂ္ဂစဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးဖြေရှင်းမှုကွန်ရက်၏  မတ်လ ၂၀ က ထုတ်ပြန်သော ၂၀၂၃ ခုနှစ် ကမ္ဘာ့အပျော်ရွှင့်ဆုံးနိုင်ငံများစာရင်းတွင် ဖော်ပြထားသည်။

အဆိုပါစာရင်းသည် ၃ နှစ်တာကာလအတွင်း ပျမ်းမျှအကဲဖြတ်မှုများအပေါ် အခြေခံ၍ ပျော်ရွှင်မှုကိုတိုင်းတာရန် နိုင်ငံနှင့် နယ်မြေပေါင်း ၁၅၀  ကျော်တွင် ကောက်ယူထားသော စစ်တမ်းများမှ အချက်အလက်များကို စုစည်းထားခြင်းဖြစ်သည်။ ကမ္ဘာ့နေရာ အသီးသီးရှိ လူများ၏ ပျော်ရွှင်မှုအတိုင်းအတာ ကွဲပြားမှုများကို အကဲဖြတ်ရန် လူမှုရေးပံ့ပိုးမှု၊ ဝင်ငွေ၊ ကျန်းမာရေး၊ လွတ်လပ်မှု၊ ရက်ရောမှုနှင့် အကျင့်ပျက်ခြစားမှု ကင်းမဲ့ခြင်း စသည့် အချက် ၆ ချက်ကို အသုံးပြုခဲ့သည်။

ထိုင်ဝမ်သည် ၂၀၂၃ ခုနှစ်တွင် အာရှ၏ အပျော်ရွှင်ဆုံးနိုင်ငံများဖြစ်သော အစ္စရေး (ကမ္ဘာ့အဆင့် ၄)၊ စင်္ကာပူ (ကမ္ဘာ့အဆင့် ၂၅)၊ ယူအေအီး ( ကမ္ဘာ့အဆင့် ၂၆) တို့၏နောက် စတုတ္ထနေရာတွင် ရပ်တည်လျက်ရှိပြီး အရှေ့အာရှတွင် နံပါတ် ၁ အပျော်ရွှင်ဆုံးနိုင်ငံဖြစ်သည်။  
ထိုင်ဝမ်သည် အပျော်ရွှင်ဆုံးနိုင်ငံအဖြစ် ကမ္ဘာ့အဆင့် နံပါတ် ၂၇ နေရာတွင် ရပ်တည်နေကာ ယခင်နှစ်ကထက် အဆင့် ၁ ခုသာ ကျဆင်းခဲ့သည်။

လူဦးရေ ၅ ဒသမ ၅ သန်းရှိသော ဖင်လန်နိုင်ငံသည် ပြီးပြည့်စုံသော လူမှုဖူလုံရေးစနစ်၊ တန်းတူညီမျှမှုနှင့် ပြည်သူများ၏ အစိုးရအပေါ် ယုံကြည်မှုမြင့်မားမှုတို့ကို ရရှိထားပြီး ၂၀၂၃ ခုနှစ်စာရင်းအရ ကမ္ဘာပေါ်တွင် ၆ နှစ်ဆက်တိုက် နံပါတ် ၁ အပျော်ရွှင်ဆုံးနိုင်ငံအဖြစ် သတ်မှတ်ခံရသည်။ 
ဖင်လန်နိုင်ငံ၏နောက်တွင် ဒိန်းမတ်၊ အိုက်စလန်၊ အစ္စရေး၊ နယ်သာလန်၊ ဆွီဒင်၊ နော်ဝေ၊ ဆွစ်ဇာလန်၊ လူဇင်ဘတ်နှင့် နယူးဇီလန်တို့ရှိသည်။

အမေရိကန်သည် ၂၀၂၃ ခုနှစ် ကမ္ဘာ့အပျော်ရွှင်ဆုံးနိုင်ငံများစာရင်း၌ အဆင့် ၁၅ ၌ ရပ်တည်နေကာ တရုတ်နှင့် ဟောင်ကောင်တို့က အဆင့် ၆၄ နှင့် ၈၂ အသီးသီးရပ်တည်နေသည်။
ယူကရိန်းသည် ရုရှား၏ကျူးကျော်မှုကို ခံခဲ့ရသော်လည်း ၎င်း၏ပျော်ရွှင်မှုအဆင့်သည် ယမန်နှစ်က အဆင့် ၉၈ ရှိရာမှ ၂၀၂၃ ခုနှစ်တွင် အဆင့် ၉၂ အထိတက်လာခဲ့သည်။  ရုရှားက အဆင့် ၇၀ ၌ ရှိနေသည်။

စစ်ဒဏ်ခံနေရသော အာဖဂန်နစ္စတန်သည် ၂၀၂၃ ခုနှစ် အကဲဖြတ်ချက်အရ အောက်ဆုံးအဆင့်တွင် ဆက်လက်တည်ရှိနေပြီး အမေရိကန်တပ်များ နိုင်ငံမှ စတင်ဆုတ်ခွာချိန် ၂၀၂၀ နောက်ပိုင်းတွင် ပျော်ရွှင်မှုအကင်းမဲ့ဆုံး နိုင်ငံဖြစ်လာခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly