ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်နှင့် မိုးညှင်းမြို့နယ်တို့တွင် မတ်လ ၂၆ ရက်နေ့ တစ်ရက် အတွင်း စစ်ကောင်စီလက်အောက်ခံ အရာရှိနှစ်ဦးပစ်ခတ်ခံရသည်ဟု ဒေသခံများထံမှ သိရသည်။
ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေးရွာမှ ဖားပြင်ကျေးရွာသို့သွားသည့်လမ်းပေါ်ရှိ တိုးနယားဆီဆိုင်အနီး တွင် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင် ဒုရဲအုပ်တစ်ဦး ယမန်နေ့ ညနေ ၅ နာရီခွဲခန့်က ပစ်ခတ်ခံရ ကာ သေဆုံးသွားသည်ဟု သိရသည်။
“ဖားကန့်မှာအခုက ဘာလုပ်လာလဲဆိုတော့ နှစ်ဖက်စလုံးက အဓိကကျတဲ့လူတွေကို သေသေချာချာလေး Location (နေရာအတိအကျ) ရတဲ့ပုံစံမျိုးနဲ့ ဆွဲကုပ်နေတဲ့ အနေအထားကို တွေ့ရတယ်။ ဒီလိုဆွဲကုပ်လုပ် လာတဲ့ အကျိုးဆက်ရလဒ်အရ တစ်ဖက်ကလည်း ဦးစီးဌာနတွေက အရေးပါအရာရောက်တဲ့လူတွေလို့ သတ်မှတ်ထားတဲ့လူတွေကို သေသေချာချာလေး ရှင်းနေတယ်။ ဒီတော့ သူ့နည်းသူ့ဟန်တွေနဲ့ သွားလာ တာတွေရှိနေတဲ့ အနေအထားမှာ အရပ်ဝတ်နဲ့သွားနေတဲ့ ဒီရဲအုပ်က အရှင်းခံလိုက်ရတာပဲ” ဟု ဖားကန့် ဒေသခံ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
အဆိုပါ ပစ်ခတ်ခံရပြီးသေဆုံးသွားသူသည် ဖားကန့်မြို့နယ်၊ လုံခင်းကျေးရွာအနီးရှိ ရဲတပ်ရင်း (၂၈) မှ ဒုရဲအုပ် ညီညီထက်အောင်ဆိုသူဖြစ်သည်ဟု စုံစမ်းသိရှိရသည်။
ထို့အတူ မိုးညှင်းမြို့နယ်၊ ညောင်ကုန်းကျေးရွာအနီးတွင် စစ်ကောင်စီလက်အောက်ခံ စစ်ဖက်ရေးရာလုံခြုံ ရေးတပ်ဖွဲ့ (စရဖ) ထောက်လှမ်းရေးအရာရှိ တစ်ဦးလည်း ယမန်နေ့ မတ်လ ၂၆ ရက် မွန်းလွဲ ၁ နာရီခန့်က ပစ်ခတ်ခံခဲ့ရကြောင်း သိရသည်။
စရဖအရာရှိနှင့်အတူ အမျိုးသားတစ်ဦး မောင်းနှင်လာသော HONDA Fit အမျိုးအစား မော်တော်ယာဉ်ကို မိုးညှင်းမြို့နယ်၊ ညောင်းကုန်းကျေးရွာအနီးရှိ ပြည်ထောင်စုလမ်းမပေါ်တွင် နမ္မား KPDF က ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
“သူက နိုင်ငံရေးသမားတွေနဲ့ PDF တွေအကြောင်းကို အရပ်ဝတ်နဲ့ အဓိကစုံစမ်းနေတဲ့သူ။ နေတာတောင်မှ ရပ်ကွက်ထဲမှာ နေတာ။ အခုက အိမ်စီးကားနဲ့ နမ္မားဘက်ကနေ မိုးညှင်းဘက်ကို ပြန်တဲ့လမ်းဘက်မှာ စောင့်ပြီးအပစ်ခံရတာ” ဟု ဒေသ ခံသတင်းရင်းမြစ်က ဆိုသည်။
ပစ်ခတ်ခံရသူ စရဖအရာရှိမှာ မိုးညှင်းမြို့တွင် နေထိုင်သည့် အသက် ၃၀ ခန့်အရွယ်ရှိ ဦးလမင်းထွန်းဆိုသူ ဖြစ်သည်ဟု သိရသည်။
စစ်ကောင်စီ၏ တပ်တွင်းသတင်းအရင်းအမြစ်အချို့က ပစ်ခတ်ခံရသည့် စရဖအရာရှိမှာ သေဆုံးခြင်းမရှိ ဘဲ လက်ရှိအချိန်၌ မြစ်ကြီးနားမြို့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ အမှတ် (၃) ကုတင် ၃၀၀ ဆံ့ စစ်ဆေးရုံ တွင် အရေးပေါ်ကုသမှုခံယူနေသည်ဟုဆိုသော်လည်း မဇ္ဈိမအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေး ပေ။
စာတည်း ။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ