အမျိုးသမီးများအပေါ် ခွဲခြားဆက်ဆံသော တာလီဘန်အစိုးရကို ဥရောပသမဂ္ဂ ရှုတ်ချ 

By ANI
27 March 2023
 အမျိုးသမီးများအပေါ် ခွဲခြားဆက်ဆံသော တာလီဘန်အစိုးရကို ဥရောပသမဂ္ဂ ရှုတ်ချ 

တာလီဘန်အစိုးရလက်ထက် အာဖဂန်နစ္စတန်တွင် အမျိုးသမီးများအပေါ် ခွဲခြားဆက်ဆံမှုများ ဆက်ရှိနေပြီး  အမျိုးသမီးများအား ပညာသင်ကြားခွင့်နှင့် အင်န်ဂျီအိုများတွင် အလုပ်လုပ်ခွင့် ပိတ်ပင်ခြင်းသည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီ ပေးရေးတွင် အနှောင့်အယှက် ဖြစ်စေသည်ဟု ဥရောပသမဂ္ဂ (အီးယူ) ၏ တရားဝင်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြည်တွင်းပြည်ပ အစိုးရမဟုတ်သော အဖွဲ့အစည်းများတွင် အမျိုးသမီးများအား အလုပ်မလုပ်စေရန် တားမြစ်သော တာလီဘန်၏ အမျိုးသမီးများအပေါ် အကွက်ချ ခွဲခြားဆက်ဆံမှုကြောင့် ပြည်သူများအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများနှင့် အခြေခံလိုအပ်ချက်များ ပံ့ပိုးကူညီပေးမှုကို အနှောင့်အယှက်ဖြစ်စေကြောင်း ကုလသမဂ္ဂထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။  

အာဏာပိုင်များသည် အမျိုးသမီးများနှင့် မိန်းကလေးများ လွတ်လပ်စွာ သွားလာခွင့်ကို ၂၀၂၁ ခုနှစ် ဩဂုတ်လ ၁၅ ရက်နေ့မှ စတင်ကာ ကန့်သတ်ခဲ့ပြီး မိန်းကလေးငယ်များအား အလယ်တန်းပညာရေးတက်ရောက်ခွင့်၊ အလုပ်လုပ်ခွင့်နှင့် အများပြည်သူပိုင် ပန်းခြံ၊ အားကစားရုံနှင့်ရေချိုးခန်းများ အသုံးပြုခွင့်တို့ကို ပိတ်ပင်ထားသည်။

အီးယူ၏ မတ်လ ၂၀ ရက်ထုတ် အဆိုပါကြေညာချက်တွင် နိုင်ငံတွင်း ကိစ္စရပ်များ၌ အမျိုးသမီးများ ပါဝင်ခြင်း၏ အရေးပါမှုကို အလေးပေးဖော်ပြခဲ့ပြီး ဆိုးရွားလှသော လူသားချင်းစာနာမှုနှင့် လူမှုစီးပွား အကျပ်အတည်း လျော့ပါးစေရေး ဆက်လက်အကူအညီပေးရန် အီးယူက ကတိပြုထားသည်။

“အီးယူရဲ့ မူအရ အကူအညီပေးရေး လှုပ်ရှားမှုတွေကို ဆက်မလုပ်နိုင်သေးရင် အဲဒီလှုပ်ရှားမှုတွေအတွက် ပံ့ပိုးကူညီမှုကို ပြန်လည်စဉ်းစားမှာ ဖြစ်ပါတယ်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ပြင် အကြမ်းဖက်ဝါဒ နှင့် အာဖဂန်မြေကို တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားမှုနှင့် ပတ်သက်၍လည်း ဥရောပသမဂ္ဂက စိုးရိမ်ကြောင်းထုတ်ဖော်ပြောဆိုခဲ့သည်။ 

 "အာဖဂန်နစ္စတန်သည် အခြားနိုင်ငံများအတွက် အကြမ်းဖက်ဝါဒနှင့် အစွန်းရောက်ဝါဒ အခြေစိုက်စခန်းအဖြစ် ထပ်မံမလုပ်ဆောင်သင့်ဘဲ၊ တာလီဘန်များနှင့် တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်သော ဆက်ဆံရေးအားလုံးကို ရပ်တန့်ရန်နှင့် အကြမ်းဖက်မှုကို တိုက်ဖျက်ရေးတွင် တာလီဘန်အနေဖြင့်လည်း တာဝန်ရှိကြောင်း ထပ်လောင်းပြောကြားလိုသည်" ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သို့သော်လည်း အာဖဂန်နစ္စတန်တွင် အကြမ်းဖက်အဖွဲ့များ ရှိနေသည်ကို တာလီဘန်တို့က ငြင်းဆိုခဲ့သည်။
“ဒီနေရာမှာ အကြမ်းဖက်အဖွဲ့တွေ တည်ရှိ လှုပ်ရှားနေတယ်ဆိုတဲ့ သက်သေ မရှိပါဘူး။ ဘယ်နေရာမှာရှိတယ်ဆိုတာလည်း ဘယ်သူမှ သက်သေမပြနိုင်ပါဘူး” ဟု တာလီဘန် လက်ထောက်ပြောရေးဆိုခွင့်ရှိသူ ဘိုင်လယ်ကာရိမီက ကပြောကြောင်း TOLOnews တွင် ဖော်ပြသည်။

အာဖဂန်နစ္စတန်တွင် အကြမ်းဖက် တိုက်ခိုက်မှုများနှင့် သေဆုံးမှုမှာ ၇၅ ရာခိုင်နှုန်းနှင့် ၅၈ ရာခိုင်နှုန်းသို့ အသီးသီး ကျဆင်းသွားသော်လည်း အကြမ်းဖက်မှုကြောင့် ထိခိုက်မှုအများဆုံးနိုင်ငံအဖြစ် ၄ နှစ်ဆက်တိုက် ရပ်တည်နေကြောင်း အကြမ်းဖက်မှုဆိုင်ရာ ကမ္ဘာ့အညွှန်းကိန်း (GTI) ၏ မတ် ၂၁ ရက် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly