စစ်ကောင်စီခေါင်းဆောင်နှင့်အပေါင်းအပါများကို သံဃာတော်များက ယနေ့ည ၇ နာရီတွင် သပိတ် မှောက် ကံဆောင်မည်

By မိုးသောက် (မဇ္ဈိမ)
27 March 2023
စစ်ကောင်စီခေါင်းဆောင်နှင့်အပေါင်းအပါများကို သံဃာတော်များက ယနေ့ည ၇ နာရီတွင် သပိတ် မှောက် ကံဆောင်မည်

စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် အပေါင်းအပါတစ်စုကို ယနေ့ မတ်လ ၂၇ ရက်နေ့ မြန်မာစံတော်ချိန်  ည ၇ နာရီတွင် ဆရာတော်များက ပတ္တနိက္ကုဇ္ဇနကံဆောင် သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာအပါအဝင် နိုင်ငံပေါင်း ၁၃ နိုင်ငံမှ ထေရဝါဒနှင့် မဟာယန ဆရာတော်ကြီးများ၊ မြန်မာရဟန်းတော် များ၊ နိုင်ငံခြားသား ရဟန်းတော်များက ပတ္တနိက္ကုဇ္ဇနကံဆောင်ကာ သပိတ်မှောက်သွားမည်ဖြစ်သည်။

မတ်လ၂၇ ရက်နေ့သည် စစ်တပ်ကသတ်မှတ်ထားသည့် တပ်မတော်နေ့ဖြစ်ပြီး ဗိုလ်ရှုခံအခမ်းအနားများ ကျင်းပချိန်တွင် တစ်ပြိုင်နက်ပြုလုပ်လိုသော်လည်း နိုင်ငံအလိုက် အချိန်ကွာဟချက်ကြောင့် ပြောင်းရွှေ့ ခဲ့ရသည်ဟု သိရသည်။

သပိတ်မှောက်ခြင်းကို မတ်လ၂၇ ရက်နေ့ မြန်မာစံတော်ချိန် ည ၇ နာရီတွင် စတင်မည်ဖြစ်ပြီး Zoom meeting မှတစ်ဆင့် ပြည်သူလူထုထံ အသိပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ပတ္တနိက္ကုဇ္ဇနကံဆောင်သည်ဆိုသည်မှာ သပိတ်မှောက်ခံရသည့် ဒါယိကာ၊ ဒါယိကာမများနှင့် မည်သို့မျှ ဆက်ဆံမှုမပြုတော့ခြင်းဖြစ်ပြီး ၎င်းတို့ကတောင်းပန်မှသာလျှင် သပိတ်ကိုပြန်လှန်ရသည့် သဘောဖြစ် ကြောင်း သိရသည်။

“စစ်တပ်ကိုသပိတ်မှောက်တာ မဟုတ်ဘူး။ အဲဒါတော့ ရှင်းရှင်းလင်းလင်း သိဖို့လိုတယ်။ စစ်တပ်နဲ့ မဆိုင် ဘူး။ ဒီအာဏာရူး အာဏာသိမ်း စစ်ခေါင်းဆောင်မင်းအောင်လှိုင်နဲ့ အပေါင်းအပါတစ်စုကို ဦးတည်ပြီး သပိတ်မှောက်တာဖြစ်တယ်” ဟု နိုင်ငံတကာငြိမ်းချမ်းရေးသံဃကွန်ရက်မှ ဦးဇင်းဂျောင်းဂျောင်း က မိန့်ကြားသည်။

စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လှုပ်ရှားမှုများအတွင်း သံဃာထုပါဝင်သည့် ပတ္တနိက္ကုဇ္ဇနကံဆောင်ခြင်း ကို ၈၈ အရေးအခင်းပြီး နောက်ပိုင်း ၁၉၉၀ ခုနှစ်တွင် တစ်ကြိမ်၊ ၂၀၀၇ ခုနှစ်တွင် တစ်ကြိမ် စုစုပေါင်း နှစ်ကြိမ်ပြုလုပ်ခဲ့ပြီး ယခုအကြိမ်မှာ တတိယအကြိမ်မြောက်ဖြစ်သည်။

စာတည်း။      ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly