ဆားလင်းကြီးတွင် စစ်ကောင်စီတပ်ဖွဲ့စစ်ကြောင်းကို ဒေသခံကာကွယ်ရေးတပ် တိုက်ခိုက် 

By KMN မဇ္ဈိမ
27 March 2023
ဆားလင်းကြီးတွင် စစ်ကောင်စီတပ်ဖွဲ့စစ်ကြောင်းကို ဒေသခံကာကွယ်ရေးတပ် တိုက်ခိုက် 

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့အတွင်း၌ မတ်လ ၂၆ ရက်နေ့က အင်အား ၁၅၀ ခန့်ပါ စစ်ကောင်စီတပ်ဖွဲ့စစ်ကြောင်းအား ဒရုန်းမစ်ရှင် ဖော်ဆောင်တိုက်ခိုက်ခဲ့ကြောင်း Salingyi Special Task Force တာဝန်ခံထံမှ သိရသည်။

အဆိုပါတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦးဒဏ်ရာရပြီး နှစ်ဦး ဒဏ်ရာပြင်းထန်ကြောင်း Salingyi Special Task Force တာဝန်ခံက မဇ္ဈိမကိုပြောသည်။

“မနက် ၁၀ နာရီလောက်ကနေ ၁၂ နာရီခန့်အထိ တိုက်ခိုက်ခဲ့တာပါ။ မြို့လယ်ဂိတ်မှာ တစ်လုံး၊ ထွေအုပ် ရုံးပေါ်ကိုတစ်လုံး၊ နိဗ္ဗာန်ကျောင်းနားကဂိတ်ကို သုံးလုံး၊ စုစုပေါင်းနေရာသုံးနေရာခွဲပြီး ဗုံးသီးငါးလုံး အသုံး ပြုပြီး drone mission ဖော်ဆောင်ခဲ့တာပါ” ဟု SSTF တာဝန်ခံကိုဖိုးဇေက ဆိုသည်။

ထို့နောက် စစ်ကောင်စီတပ်ဖွဲ့က လက်နက်ကြီးများဖြင့်  ရမ်းသန်းပစ်ခတ်မှုများ လေးကြိမ်မကပြုလုပ်ခဲ့ ရာ မင်းတောရွာအတွင်းမှ ပြည်သူတစ်ဦး၏ နေအိမ်ပေါ်သို့ ကျရောက်သဖြင့် ဒေသခံတစ်ဦး အနည်းငယ် ထိထိုက်ဒဏ်ရာ ရခဲ့ကြောင်း သိရသည်။

ယင်းစစ်ဆင်ရေးကို Salingyi Special Task Force - SSTF နှင့်အတူ Shar Htoo Waw Drone နည်းပညာ အဖွဲ့၊  စစ်ကိုင်းခရိုင် တပ်ရင်း(၄) (MSPDF)၊ အညာသား ပြောက်ကျားတပ်ဖွဲ့၊Phoenix အထူးပြောက်ကျား တပ်ဖွဲ့၊ Salingyi Special Task Force - SSTF တပ်ခွဲ “SPACE MAN” Drone အဖွဲ့တို့က ပြုလုပ်ခဲ့ကြောင်း သိရသည်။

မတ်လ ၂၅ ရက်နေ့ နံနက်ပိုင်းကလည်း စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှ မြန်မာဝမ်ပေါင်ကြေးနီကုမ္ပဏီဝင်းအတွင်းရှိ  စစ်ကောင်စီတပ်သားများစောင့်သည့် ဂိတ် အား ဒရုန်းဖြင့်ဗုံးသီးနှစ်လုံးချကာ သတိပေးတိုက်ခိုက်ခဲ့ကြောင်း Salingyi Special Task Force တာဝန် ရှိသူက မဇ္ဈိမကိုပြောသည်။

စာတည်း။  ။ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly