မြိတ်မြို့တွင် CDM နှင့် NLD ပါတီဝင်များကို စာရင်းကောက်ယူနေပြီး  ဖမ်းဆီးစစ်ဆေးမှုများရှိဟုဆို

By ကိုရွှေမြိတ်(မဇ္ဈိမ)
27 March 2023
မြိတ်မြို့တွင် CDM နှင့် NLD ပါတီဝင်များကို စာရင်းကောက်ယူနေပြီး  ဖမ်းဆီးစစ်ဆေးမှုများရှိဟုဆို

တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာများတွင် ပြီးခဲ့သည့် ရက်ပိုင်းက ရပ်/ကျေးအုပ်ချုပ်ရေးမှူးများကို CDM နှင့် NLD  ပါတီဝင်များအား စာရင်းလိုက်လံ ကောက်ယူ ခိုင်းခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ထိုသို့ ရပ်ကွက်အလိုက် စာရင်းများကောက်ယူခိုင်းပြီးနောက် CDM များနှင့် NLD  ပါတီဝင်များ ဖမ်းဆီးခံရ သည့် သတင်းများကြားနေရကြောင်း ဒေသခံ သတင်းအရင်းအမြစ်တစ်ဦးက ပြောသည်။

“ညကတော့ CDM ဝန်ထမ်းတွေ ဖမ်းဆီးခံရတယ်ကြားတယ်။ မြိတ်တောင်ကျေးရွာဖက်နဲ့ မဇောရွာနဲ့ ပသောင်းရွာတို့ကလို့ သိရတယ်”ဟု မြိတ်တောင်ကျေးရွာနေ ဒေသခံတစ်ဦးက ပြောသည်။

မြိတ်မြို့နယ်အတွင်းရှိ အချို့သောရာအိမ်မှူးများက ရပ်ကွက်အတွင်း၌ NLD အမတ်လောင်း၊ NLD မြို့နယ် EC နှင့် CDM ဝန်ထမ်းများ ရှိနေသည်ကို အုပ်ချုပ်ရေးမှူးထံသို့ တင်ပြထားကြပြီး ချို့သောရပ်ကွက်များ တွင် စာရင်းကောက်ပေးရမည့်သူများမရှိကြောင်းကို စာရင်းပေးပို့ထားကြသည်ဟု သိရသည်။

“စာရင်းကောက်ခိုင်းနေတာကတော့ တစ်ပတ်လောက် ရှိနေပြီ။ တချို့ရာအိမ်မှူးတွေကတော့ အေးဆေး နေတဲ့သူတွေဖြစ်လို့ စာရင်းတင်ပေးတာမျိုးတော့ မလုပ်ဘူးလို့ သိရတယ်”ဟု ကန်ဖျားနယ်မြေမှ ဒေသခံ တစ်ဦးက ပြောသည်။

မြိတ်မြို့နယ်တွင် CDM နှင့် NLD  ပါတီဝင်များကို ဖမ်းဆီးနေသည်ဟု သတင်းများထွက်ပေါ်နေပြီး ယနေ့ မတ်လ ၂၇ ရက်နေ့ နံနက်ပိုင်းကလည်း မြိတ်တောင်ကျေးရွာအုပ်စု ရွှေပြည်တန်းရပ်ကွက်နှင့် အင်းလေး မြိုင်ရပ်ကွက်ကြား၊ အဝေးပြေးကားဝင်းအနီးရှိ နန်းသဇင်တည်ခိုခန်းကို ရဲတပ်ဖွဲ့ဝင် အင်အားအများ အပြားဖြင့် ဝင်ရောက်စီးနင်း ဖမ်းဆီးမှု ပြုလုပ်သွားကြောင်း ယင်းရပ်ကွက်အနီး နေထိုင်သူများထံမှ သိရ သည်။

စာတည်း။     ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required