တရုတ်မှ မြောက်ကိုရီးယားသို့ လယ်ယာထွက်ကုန် တင်ပို့မှု ၂ ဆ ကျော် တိုးလာ

By Reuters
27 March 2023
တရုတ်မှ မြောက်ကိုရီးယားသို့ လယ်ယာထွက်ကုန် တင်ပို့မှု ၂ ဆ ကျော် တိုးလာ

သကြား၊ ပဲပုပ်ဆီနှင့် ဆန်အပါအဝင် တရုတ်မှ မြောက်ကိုရီးယားသို့ အဓိကပို့ကုန်များတင်ပို့မှုသည် ၂၀၂၃ ခုနှစ် ပထမဆုံး ၂ လတွင် ယမန်နှစ်ကထက် ၂ ဆကျော် ပိုများလာကြောင်း မတ်လ၂၀ ရက်တွင်ထုတ်သော  တရုတ်အကောက်ခွန်အချက်အလက်များတွင် ဖော်ပြထားသည်။

အထီးကျန်နေသောမြောက်ကိုရီးယားသို့ တရုတ်တင်ပို့မှုသည် နှစ်အလိုက်နှိုင်းယှဉ်ပါက ဇန်နဝါရီနှင့် ဖေဖော်ဝါရီတွင် ဒေါ်လာ ၃၀ဝ ဒသမ ၅ သန်းအထိရှိကာ ၁၆၁ ဒသမ ၅ ရာခိုင်နှုန်း တိုးလာကြောင်း တရုတ်အကောက်ခွန်အထွေထွေအုပ်ချုပ်ရေးဌာနက ထုတ်ပြန်ခဲ့သည်။  

အဓိကပို့ကုန်များမှာ သကြား၊ ဆံပင်တုပြုလုပ်ရန် သိုးမွှေး၊ ပဲပုပ်ဆီ၊ ဆန်နှင့် ရော်ဘာတာယာများဖြစ်သည်။
မြောက်ကိုရီးယားသည် နှစ်ပေါင်း ၂၀ ကျော်အတွင်း စစ်သားများကို ပထမဆုံးအကြိမ် ရိက္ခာဖြတ်တောက်လိုက်ခြင်းကြောင့် နိုင်ငံ၏စားနပ်ရိက္ခာအကျပ်အတည်းသည် ပိုမိုဆိုးရွားလာနိုင်ကြောင်း တောင်ကိုရီးယား DongA Ilbo သတင်းစာက ဖေဖော်ဝါရီလလယ်တွင် ဖော်ပြခဲ့သည်။

မြောက်ကိုရီးယားသည် မကြာသေးမီဆယ်စုနှစ်များအတွင်း ၁၉၉၀ ပြည့်နှစ် အငတ်ဘေး အပါအဝင် အစာရေစာပြတ်လပ်မှုကို မကြာခဏကြုံတွေ့ခဲ့ရပြီး ရေလွှမ်းမိုးမှုကဲ့သို့သော သဘာဝဘေးအန္တရာယ်များကြောင့် ကောက်ပဲသီးနှံများ ပျက်စီးခဲ့သည်။

မြောက်ကိုရီးယားသည် ၂၀၂၃ ခုနှစ်တွင် ကြီးမားသော အလှည့်အပြောင်း ပြုလုပ်ပြီး ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းတွင် အပြောင်းအလဲလုပ်ရန် ရည်ရွယ်လျက် ဇန်နဝါရီတွင် စက်မှုထုတ်လုပ်မှုကို ပုံမှန်ဖြစ်အောင်ပြုလုပ်မည့် အစီအစဉ်များကို အကြမ်းဖျင်းဖော်ပြခဲ့သည်။

မြောက်ကိုရီးယားသည် ၂၀၂၂ ခုနှစ်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကို အောင်မြင်စွာ ကိုင်တွယ်ဖြေရှင်းနိုင်ကြောင်း ကြွေးကြော်ခဲ့သော်လည်း ပထမ ၂ လအတွင်း တရုတ်မှ နှာခေါင်းစည်း ၁၃ ဒသမ ၅၇ သန်းကို ဝယ်ယူခဲ့ကာ နှစ်အလိုက်နှိုင်းယှဉ်ပါက ၂၁၄ ဒသမ ၈ ရာခိုင်နှုန်း တိုးလာကြောင်း တရုတ်အကောက်ခွန်အချက်အလက်များက ဖော်ပြခဲ့သည်။

မြောက်ကိုရီးယားသည် တရုတ်မှ သာမိုမီတာ ၉၄ ၃၉၀ ခုနှင့် ဆေးဘက်ဆိုင်ရာ ရော်ဘာလက်အိတ် အစုံပေါင်း ၆၀ ၅၀ဝ ကိုလည်း တင်သွင်းခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly