KNDF ဗျူဟာ(၄)မှ ဦးဆောင်ပြုလုပ်သော “စည်းရိုး” ပရောဂျက်အား ရန်ပုံငွေရှာဖွေရေးအဖွဲ့ ၁၂ ဖွဲ့ ပါဝင် အားဖြည့်မည်

By ဂန္ဒမာ (မဇ္ဈိမ)
26 March 2023
KNDF ဗျူဟာ(၄)မှ ဦးဆောင်ပြုလုပ်သော “စည်းရိုး” ပရောဂျက်အား ရန်ပုံငွေရှာဖွေရေးအဖွဲ့ ၁၂ ဖွဲ့ ပါဝင် အားဖြည့်မည်

ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) ဗျူဟာ(၄)မှ ဦးဆောင်ပြုလုပ်သော “စည်းရိုး”  ပရောဂျက်အား  ရန်ပုံငွေရှာဖွေရေးအဖွဲ့ ၁၂ ဖွဲ့မှ ပါဝင်အားဖြည့်မည်ဖြစ်ကြောင်း သိရသည်။ 

“ကျွန်တော်တို့ UAs fundraising teamအစုအဖွဲ့ကနေ စည်းရိုးပရောဂျက်အတွက် ပါဝင်ရှာဖွေကြမယ့် Fundraising teamက ၁၂ ဖွဲ့ရှိပါတယ်။ အဲဒီ ၁၂ ဖွဲ့ကနေ ပုံစံမျိုးစုံရှာဖွေကြမှာဗျ။ တချို့အဖွဲ့တွေက မဲဖောက်မယ်၊ တချို့အဖွဲ့တွေက ဒီတိုင်းထောက်ပံ့ငွေခံမယ်ပေ့ါ စသဖြင့် ပါဝင်အားဖြည့်ပေးကြမှာပါ” ဟု UAs အဖွဲ့ဝင်ဖြစ်သည့် To Comrades’ Fundraising Team ၏ ဒု-ဒါရိုက်တာ ရဲဘော်အာလူးက မဇ္ဈိမကို ဖြေကြားသည်။

KNDF ဗျူဟာ(၄)၏ လှုပ်ရှားမှုနယ်မြေသို့ စစ်ကောင်စီတပ်သားများ ဝင်မလာနိုင်ရန်၊ ပြည်သူများထိခိုက် ဆုံးရှုံးမှုမရှိအောင် စည်းကာရန်အတွက်ပြင်ဆင်မည်ဖြစ်သောကြောင့် ပရောဂျက်အမည်အား “စည်းရိုး” ဟုပေးထားခြင်းဖြစ်ကြောင်းဆိုသည်။
 
ပရောဂျက်မှရရှိငွေများကို KNDFဗျူဟာ(၄)ထဲမှတပ်ရင်းများဖြစ်သည့် တပ်ရင်း(၁)၊ တပ်ရင်း(၅)၊ တပ်ရင်း (၆)နှင့် တပ်ရင်း(၇)မှ ရဲဘော်များကို လက်နက်ခဲယမ်းများ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ 

“ KNDFဆိုတာကလည်း မြေပြင်မှာတကယ်တိုက်နေတဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေထဲက တခုဖြစ် တယ်။ တိုက်ပွဲတစ်ပွဲရယ်လို့ဖြစ်လာရင် လက်နက်၊ ကျည်၊ ခဲယမ်းလိုအပ်ချက်တွေက အလွန်များပါတယ်။ ယခုလည်း ကရင်နီပြည်ကို ခွေးတွေကျူးကျော်လာပြီး စိုးမိုးမှုတွေမလုပ်နိုင်အောင်လုပ်မှာဆိုတဲ့အတွက် လက်နက်အဓိကဖြည့်ပေးဖို့ ဒီပရောဂျက်ကို ပြုလုပ်တာဖြစ်တယ်” ဟု ရဲဘော်အာလူးက မဇ္ဈိမကို ပြော သည်။

ပရောဂျက်အတွက် KNDF ဗျူဟာ (၄)မှ ကျပ်သိန်း ၁၀,၀၀၀ သတ်မှတ်ထားသော်လည်း UAs မှ ရန်ပုံငွေ ရှာဖွေရေးအဖွဲ့များကမူ ပြည်သူများ၏ အခြေအနေကိုကြည့်ရှု၍ အတိုင်းအတာပမာဏ သတ်မှတ်ကာ ကူရှာပေးမည်မဟုတ်ဘဲ ရသလောက်ရှာဖွေသွားမည်ဖြစ်ကြောင်း သိရသည်။

ရန်ပုံငွေရှာဖွေရေးအဖွဲ့အစည်းများ ဝိုင်းဝန်းကူညီထောက်ပံ့ကြမည့် KNDF ဗျူဟာ(၄) သည် စစ်ကောင်စီ တပ်၏ လက်နက်ကြီးများဖြင့်ပစ်ခတ်ခြင်း၊ လေယာဉ်ဖြင့် ကင်းထောက်ခြင်း၊ ဂျက်လေယာဉ် ရဟတ်ယာဉ် များအသုံးပြုပြီး တိုက်ခိုက်ခြင်းကို နေ့စဉ်ခံနေရသည်။ 

စစ်ရှောင်ပြည်သူများလည်း များပြားသည့်အပြင် ပြည်သူများကို အကူအညီပေးနေသော၊ တော်လှန်ရေး အရှိန်အဟုန်ကို အထောက်အပံ့ဖြစ်စေသော အဆောက်အအုံများစွာလည်း ရှိနေပြီဖြစ်သောကြောင့် လိုအပ်သည်များကိုဖြည့်တင်းပြီး စစ်ကောင်စီတပ်နှင့် ပြည်သူများအကြား စည်းခြားနိုင်အောင် ရည်ရွယ် ထားကြောင်း သိရသည်။

စာတည်း။  ။စောဖေ
စာမူတည်းဖြတ်။   ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly