မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ကမာစိုင်ကျေးရွာအနီးတွင် ၁၂ ဘီး ကုန်တင်ကားတစ်စီး မိုင်းနင်းမိ၍ ကားပေါ်ပါလာသူ နှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။
မတ်လ ၂၃ ရက်နေ့၊ ည ၉ နာရီအချိန်တွင် ကြက်သွန်နီတင်၍ ဘီးလင်းမြို့နယ်ဘက်မှ သထုံမြို့ဘက်သို့ မောင်းနှင်လာသော ၁၂ ဘီးကားတစ်စီးသည် သထုံမြို့နယ်၊ ကမာစိုင်ကျေးရွာအနီး၊ ရန်ကုန် - မော်လမြိုင်ကားလမ်းမကြီးပေါ်တွင် မိုင်းနင်းမိရာမှ ယာဉ်မောင်းသည် အနည်းငယ်သာ ဒဏ်ရာရခဲ့သော်လည်း ယာဉ်နောက်လိုက်သည် ထိခိုက်ဒဏ်ရာများသဖြင့် သထုံမြို့နယ် ပြည်သူ့ဆေးရုံတွင် ဆေးကုသမှု ခံယူနေကြောင်း သထုံမြို့နယ်ရှိ ဒေသခံတစ်ဦးထံမှ သိရသည်။
" ကျွန်တော်တို့ဘက်မှာက မိုင်တိုင်မှတ်လေ့မရှိတော့ မိုင်တိုင်ဘယ်လောက်မှာဖြစ်လဲဆိုတာတော့ မပြောတတ်ပါဘူး။ ကမာစိုင် အဝင်နားမှာဖြစ်တာပါ။ ဒဏ်ရာရတဲ့ကားစပယ်ယာနဲ့ကားဆရာက အခု သထုံဆေးရုံမှာ ဆေးကုနေတုန်းပါပဲ။ ထောင်ထားတဲ့ မိုင်းကို တက်နင်းမိပြီး ထပေါက်တာလို့ကြားတယ်။ ဘယ်အဖွဲ့ကလုပ်သလဲဆိုတာတော့ ကျွန်တော်တို့လည်း မသိပါဘူး" ဟု ဒေသခံတစ်ဦးက မဇ္ဈိမကိုပြောသည်။
၁၂ ဘီးကား မိုင်းနင်းမိသည့် ကိစ္စနှင့်ပတ်သက်၍ မဇ္ဈိမမှ သထုံခရိုင် PDF တာဝန်ခံ ကိုအေးမင်းထွန်းထံ ဆက်သွယ်ခဲ့ရာတွင်
" အဲ့ဒီကိစ္စဟာ ကျွန်တော်ပြည်သူ့ကာကွယ်ရေးဘက်က လုံးဝ လုပ်တာမဟုတ်ပါဘူး။ " ဟု ငြင်းဆိုသည်။
စစ်ကောင်စီတပ်၏ လော်ဘီချန်နယ်များတွင် သထုံမြို့နယ်၊ သထုံ-ဘီးလင်းကားလမ်း မိုင်တိုင်အမှတ် ၁၃၃ မိုင် ခြောက်ဖာလုံနှင့် ခုနစ်ဖာလုံကြားတွင် မတ်လ ၂၃ ရက်နေ့ ည ၉ နာရီအချိန်၌ ၁၂ ဘီးယာဉ်တစ်စီးကို လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့နှင့် ပီဒီအက်(ဖ်) အကြမ်းဖက်သမားများက မိုင်းဆွဲတိုက်ခိုက်ခဲ့သဖြင့် ယာဉ်နောက်လိုက် မိုင်းစထိမှန်ဒဏ်ရာများရခဲ့ပြီး မော်တော်ယာဉ်ထိခိုက်ပျက်စီးခဲ့သည်ဟု ဖော်ပြထားသည်ကိုတွေ့ရသည်။
KNU တပ်မဟာ (၁) ၊ သထုံခရိုင်၊ သထုံမြို့နယ်အတွင်းရှိ ပြည်သူများအား မနက် ၆ နာရီမှ ညနေ ၆ နာရီအတွင်းသာ ခရီးသွားလာပေးကြပါရန် တပ်မဟာ (၁) KNU မှ စည်းကမ်းချမှတ်ထားကြောင်း သိရသည်။
စာတည်း - သန့်ဇော်(သန်လျင်)