မန္တလေးတွင် စိတ်ရောဂါအထူးကုဆရာဝန် စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းခံရ 

By 007 မဇ္ဈိမ
25 March 2023
မန္တလေးတွင် စိတ်ရောဂါအထူးကုဆရာဝန် စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းခံရ 

မန္တလေးဆေးရုံကြီးက စိတ်ရောဂါအထူးကုဆရာဝန်တစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးသွားပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးပုဒ်မဖြင့် အမှုဖွင့်ထားကြောင်း သတင်းရရှိသည်။ 

“ဖမ်းသွားတာကြာပြီ ဘာသတင်းမှမရလို့ စိတ်ပူနေကြတယ်”ဟု ၎င်းမိသားစုအသိုက်အဝန်းနှင့်နီးစပ်သူတစ်ဦးက ပြောသည်။ 

ဖမ်းဆီးခံရသည့်ဆရာဝန်သည် မန္တလေးတိုင်း ချမ်းအေးသာစံမြို့နယ် မောရဂီဝါရပ်ကွက်နေသူ အသက်သုံးဆယ်ကျော်အရွယ် ဒေါက်တာဟန်ထွဋ်စိုး(စိတ်ရောဂါအထူးကုဆရာဝန်ကြီး မန္တလေးပြည်သူ့ဆေးရုံ)ဆိုသူဖြစ်ပြီး ၎င်းအား မတ်လ ၁၅ ရက်နေ့က ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း သိရသည်။ 

ဖမ်းဆီးခြင်းနှင့်ပတ်သက်၍ PDF များအား ထောက်ပံ့ခြင်း၊ လူမှုကွန်ရက်စာမျက်ပေါ်တွင် တော်လှန်ရေးအတွက်အကျိုးရှိမည့်သတင်းများ ရေးသားဖြန့်ဝေခြင်းတို့ကြောင့် ဖမ်းဆီးခြင်းဖြစ်ကြောင်း၊ ၎င်းအား ချမ်းအေးသာစံမြို့နယ်မြို့မရဲစခန်းတွင် (ပ)၆၄/၂၀၂၃၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည)ဖြင့် အမှုဖွင့်စစ်ဆေးပြီး မန္တလေးဗဟိုအကျဉ်းထောင်သို့ပို့ဆောင်ထားကြောင်း စုံစမ်းသိရသည်။ 

မန္တလေးမြို့တွင် ပြီးခဲ့သည့်နှစ်ကုန်ပိုင်းကလည်း PDF ကို ဆေးဝါးထောက်ပံ့မှုစွပ်စွဲချက်ဖြင့်၊ ကျန်းမာရေးဝန်ထမ်း ၃၀ ကျော်ကို စစ်ကောင်စီတပ်ကဖမ်းဆီးပြီး CDM သူနာပြုဆရာမ ဒေါ်ပိုးသန္တာအောင်ကို စစ်ကြောရေးတွင်သတ်ဖြတ်ခဲ့ကြောင်း မန္တလေးကျန်းမာရေးအသိုက်အဝန်းသတင်းများကဆိုသည်။ 

အာဏာသိမ်းပြီးနောက်ပိုင်း၊ စစ်ကောင်စီကဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခဲ့သည့်ကျန်းမာရေးဝန်ထမ်း ၅၀ ကျော်ရှိပြီး၊ ၇၀၀ ကျော်ဖမ်းဆီးခံထားရဆဲဖြစ်ကြောင်း NUG အမျိုးသားညီညွတ်ရေးအစိုးရ ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။ 

စာတည်း။     ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။    ။သန့်ဇော်(သန်လျင်) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly