မလေးရှားသို့ သွားရောက်မည့် ရိုဟင်ဂျာ ၁၅၀ ခန့်ကို ဖမ်းဆီး 

မလေးရှားသို့ သွားရောက်မည့် ရိုဟင်ဂျာ ၁၅၀ ခန့်ကို ဖမ်းဆီး 

မလေးရှားနိုင်ငံသို့ ထွက်ပြေးရန် ကြိုးစားသည် သံသယရှိရသော ရိုဟင်ဂျာ ၁၅၀ ခန့်ကို မြန်မာအာဏာပိုင်များက ဖမ်းဆီးထားကြောင်း တာဝန်ရှိသူတစ်ဦးက အေအက်ဖ်ပီသို့ သောကြာနေ့တွင် ပြောသည်။ 

နိုင်ငံတောင်ပိုင်း သံဖြူဇရပ်မြို့တွင် အမျိုးသား၊ အမျိုးသမီးနှင့် ကလေးငယ်များ ပါဝင်သော အုပ်စုကို ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း မီဒီယာသို့ ပြောပိုင်ခွင့် မရှိသဖြင့် နာမည် ထုတ်ဖော်မပြောသော ယင်း တာဝန်ရှိသူက ဆိုသည်။ 

ထို အုပ်စုကို မည်သည့်အတွက် ဖမ်းဆီးသည်ကို ယင်း တာဝန်ရှိသူက တိတိကျကျ မဆိုသော်လည်း လူမျိုးရေး ခွဲခြားသကဲ့သို့သော အခြေအနေမျိုး ရှိသည်ဟု လူ့အခွင့်အရေးအုပ်စုများ ဆိုသော မြန်မာနိုင်ငံတွင်း၌ မွတ်စလင် လူနည်းစု ရိုဟင်ဂျာများသည် ခရီးသွားလာမှု ကန့်သတ်တားမြစ်ခြင်းများနှင့် ရင်ဆိုင်နေရသည်။  

“ရွာနှစ်ရွာကြားက တောင်ကုန်းထူထပ်တဲ့ တောထဲမှာ သူတို့တွေ ပုန်းအောင်းနေကြတာပါ၊ သတင်းရတာနဲ့ မနေ့ညကစပြီး သူတို့ကို ကျွန်တော်တို့ ဖမ်းဆီးတာပါ”ဟု ယင်း လုံခြုံရေးသတင်းရင်းမြစ်က ပြောသည်။ 

အဆိုပါ အုပ်စုသည် အနောက်ပိုင်း ရခိုင်ပြည်နယ်မှ လှေဖြင့် ထွက်ခွာလာခြင်း ဖြစ်ပြီး ထိုင်းနိုင်ငံသို့ ဦးစွာသွားရောက်ကာ ယင်းမှ ကုန်းလမ်းဖြင့် မလေးရှားသို့  သွားရောက်ရန် စီစဉ်နေခြင်းဖြစ်သည်ဟု ကနဦးသတင်းများအရ သိရကြောင်း ယင်း တာဝန်ရှိသူက ပြောသည်။ 

လူကုန်ကူးသည်ဟု သံသယရသည့် ရိုဟင်ဂျာ မဟုတ်သော လူများကိုလည်း ဖမ်းဆီးရမိပြီး ရဲက လူ ၃၀ ခန့်ကိုလည်း ရှာဖွေနေကြောင်း သတင်းရင်းမြစ်က ပြောသည်။ 

၂၀၁၇ ခုနှစ်က မြန်မာနိုင်ငံတွင် စစ်တပ်၏ ဖြိုခွင်းမှုကြောင့် ထောင်ပေါင်းများစွာသော ရိုဟင်ဂျာများသည် သတ်ဖြတ်ခံရမှု၊ အဓမ္မပြုကျင့်မှုနှင့် မီးရှို့မှုများ ရင်ဆိုင်ရသည့် ဇာတ်လမ်းများနှင့်အတူ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်။ 

မြန်မာနိုင်ငံအနေဖြင့်လည်း အဆိုပါ လူအစုပြုံလိုက် ထွက်ပြေးမှုနောက် ကုလသမဂ္ဂ၏ ထိပ်တန်းတရားရုံးတွင် လူမျိုးတုံး သတ်ဖြတ်မှု စွပ်စွဲချက်ဖြင့် ရင်ဆိုင်နေရသည်။ 

မြန်မာနိုင်ငံတွင် ရိုဟင်ဂျာများကို ဘင်္ဂလားဒေ့ရှ်ဘက်မှ ခိုးဝင်ရောက်သူများအဖြစ် ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်ထားကာ ကျန်းမာရေး စောင့်ရှောက်မှုနှင့် ပညာသင်ကြားခွင့်တို့နှင့်အတူ နိုင်ငံသားဖြစ်ခွင့် ငြင်းဆန်ထားပြီး ခရီးသွားလာရေးအတွက်လည်း ခွင့်ပြုချက် တောင်းခံရန် လိုအပ်သည်။ 

(မိုးသဲ ဘာသာပြန်သည်။) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly