ဝီဂါများ၏ အဓမ္မလုပ်အားဖြင့် ထုတ်လုပ်ထားသည့် ဒေါ်လာ သန်း ၅၀ဝ တန်ဖိုးရှိ သွင်းကုန်များကို အမေရိကန် တားမြစ်

By RFA
24 March 2023
ဝီဂါများ၏ အဓမ္မလုပ်အားဖြင့် ထုတ်လုပ်ထားသည့် ဒေါ်လာ သန်း ၅၀ဝ တန်ဖိုးရှိ သွင်းကုန်များကို အမေရိကန် တားမြစ်

အမေရိကန်ဆိပ်ကမ်းများသို့ ၂၀၂၃ ခုနှစ်အတွင်းက ရောက်ရှိလာသည့် ဒေါ်လာ သန်း ၅၀ဝ ခန့် တန်ဖိုးရှိသည့် သွင်းကုန်များသည်  ဝီဂါများ၏ အဓမ္မလုပ်အား တစ်စိတ်တစ်ပိုင်း သို့မဟုတ် အပြည့်အဝဖြင့် ထုတ်လုပ်ထားသောကြောင့် အမေရိကန်အကောက်ခွန်နှင့် နယ်စပ်ကာကွယ်ရေးဌာန(CBP) က ၎င်းပစ္စည်းများကို  ပိတ်ဆို့ထားကြောင်း ဌာန၏ ယာယီအကြီးအကဲက မတ်လ ၁၄ ရက်တွင် ပြောကြားသည်။

တရုတ်နိုင်ငံ အနောက်ဘက်စွန်းပိုင်းရှိ ရှင်ကျန်းဒေသမှ မွတ်စလင် ဝီဂါများ၏လုပ်အားနှင့် ပတ်သက်သော ထုတ်ကုန်များနှင့် ကုန်ပစ္စည်းထုတ်လုပ်ဖြန့်ချိရေးလုပ်ငန်းစဉ်လုပ်ဆောင်သည့် ကုမ္ပဏီများကို အနောက်နိုင်ငံအစိုးရများက ပိုမိုထိန်းချုပ်လာချိန်တွင် ယခုကိစ္စ ဖြစ်ပေါ်လာခြင်းဖြစ်သည်။

ရော်နယ်ရေဂင်အဆောက်အအုံနှင့် နိုင်ငံတကာကုန်သွယ်မှုဗဟိုဌာနတွင် ပြုလုပ်သည့် အဓမ္မလုပ်အားပေးစေ ခိုင်းမှုနည်းပညာပြပွဲတွင် ယာယီ CBP ကော်မရှင်အရာရှိ ထရိုမေလာက အဓမ္မလုပ်အားပေးခိုင်းစေမှုကြောင့် တင်ပို့မှုပိတ်ဆို့ခံရသည့် တင်ပို့မှုများကို ခြေရာခံနိုင်သည့် ဝက်ဘ်ဆိုက်အသစ်ကို ထုတ်ပြန်ခဲ့ပြီး ၂၀၂၂ ခုနှစ် တစ်နှစ်လုံးတွင် အဓမ္မလုပ်အားဖြင့်ပြုလုပ်သည်ဟု သံသယရှိသော ဒေါ်လာ ၈၁၆ သန်းတန်ဖိုးရှိ တင်ပို့မှု ၃ ၆၀၅ ကြိမ်ကို ပိတ်ပင်ခဲ့ကြောင်း ပြောသည်။

သို့သော် ယခုနှစ်တွင် ပိတ်ဆို့ထားသော တင်ပို့မှုတန်ဖိုးသည် ယမန်နှစ် တစ်နှစ်လုံးစာ၏ ၃ ပုံ ၂ ပုံခန့်ရှိနေပြီဖြစ်ပြီး ၂၀၂၁ ခုနှစ် ဒီဇင်ဘာတွင် ထုတ်ပြန်ခဲ့သော ဝီဂါများအား အဓမ္မလုပ်အားပေးခိုင်းစေမှုကာကွယ်ရေးအက်ဥပဒေ (UFLPA) အရ ဖေဖော်ဝါရီ ၂၆ ရက်မတိုင်မီ ကန်ဒေါ်လာ ၄၉၆ သန်းဖိုးရှိ တင်ပို့မှုပေါင်း ၁ ၉၁၀ ကို တားမြစ်ထားကြောင်း ၎င်းက မှတ်ချက်ပြုခဲ့သည်။

"အမေရိကန်ထဲ ဝင်လာတဲ့ တင်ပို့မှုအားလုံးရဲ့ ဝ ဒသမ ဝ၁ ရာခိုင်နှုန်းဟာ UFLPA ဥပဒေနဲ့ ငြိနေပါတယ်” ဟု CBP ကော်မရှင်အရာရှိက ပြောသည်။

ဌာန၏ အလုပ်မှာ အဓမ္မလုပ်အားပေးခိုင်းစေမှုနှင့် ဆက်စပ်နေသော တင်ပို့မှုအား ရပ်တန့်ရေးနှင့် တရားဝင် ကုန်စည်များကို လျင်မြန်စွာထုတ်ယူနိုင်ရေးဖြစ်ကြောင်း ထရိုမေလာက ပြောကြားခဲ့သည်။ 

"ကုန်ပစ္စည်းတွေက ရှင်ကျန်းဒေသနဲ့ ဆက်စပ်နေပါက ဥပဒေအရ ကုန်ပစ္စည်းတွေကို စစ်ဆေး သိမ်းဆည်းတာတွေ ဆက်လက်ဆောင်ရွက်သွားပါမယ်" ဟု ဆိုသည်။

နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာ အမေရိကန်ကော်မရှင်ဥက္ကဋ္ဌ ဝီဂါ-အမေရိကန်တစ်ဦးဖြစ်သူ နူရီတာကယ်က သူသည် တရုတ်နိုင်ငံ ရှင်ကျန်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ အဓမ္မလုပ်အားပေးစခန်းများတွင် မိဘများနှင့်အတူ ကြီးပြင်းလာခဲ့ရကြောင်းနှင့် တရုတ်အာဏာပိုင်များက အဓမ္မလုပ်အားပေးခိုင်းစေမှုကို အသုံးပြုခဲ့သည်မှာ ကြာနေပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။ 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly