တရုတ်၏ အတင့်ရဲမှု တိုးလာချိန် ထိုင်ဝမ်သမ္မတ စိုင်အင်ဝမ်က အမေရိကန်သို့ သွားရောက်မည်

By ANI
24 March 2023
တရုတ်၏ အတင့်ရဲမှု တိုးလာချိန် ထိုင်ဝမ်သမ္မတ စိုင်အင်ဝမ်က အမေရိကန်သို့ သွားရောက်မည်

တရုတ်နှင့် အမေရိကန်ကြား တင်းမာမှုများ မြင့်တက်နေချိန် ထိုင်ဝမ်သမ္မတ  စိုင်အင်ဝမ်သည် ယခုလကုန်တွင် နယူးယောက်နှင့် ကယ်လီဖိုးနီးယားတောင်ပိုင်းသို့ သွားရောက်ရန် စီစဉ်ထားကြောင်း ထိုင်ဝမ်သမ္မတရုံးမှ ပြောရေးဆိုခွင့်ရှိသူ၏ ပြောကြားချက်ကို ကိုးကားပြီး The Washington Post သတင်းတွင် ဖော်ပြထားသည်။

စိုင်သည် မတ်လ ၂၉ ရက်မှ ဧပြီလ ၇ ရက်အတွင်း နယူးယောက်မြို့၊ လော့စ်အိန်ဂျလိစ်မြို့နှင့် ဂွာတီမာလာ၊ ဘလိဇ်နိုင်ငံတို့သို့ သွားရောက်မည်ဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။

အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ ကယ်ဗင်မက်ကာသီ အပါအဝင် အမေရိကန်အစိုးရ ကိုယ်စားလှယ်များနှင့် စိုင်၏ တွေ့ဆုံမှုအစီအစဉ်ကို မသိရှိရသေးပေ။ 

ထိုင်ဝမ်သမ္မတဟောင်း မာရင်ဂျောင်းသည် တရုတ်ပြည်မကြီးသို့ သမိုင်းဝင် ခရီးစဉ်သွားရောက်မည်ဆိုသည့် ကြေညာချက်ထွက်ပေါ်ပြီးနောက် စိုင်၏ ခရီးစဉ်သတင်း ထွက်ပေါ်လာခြင်းဖြစ်သည်။ မာရင်ဂျောင်းသည် တရုတ်နှင့် ပိုမိုနီးကပ်သော ဆက်ဆံရေးရှိသည့် အတိုက်အခံ ကူမင်တန် သို့မဟုတ် အမျိုးသားရေးပါတီ၏ ခေါင်းဆောင်တစ်ဦးဖြစ်သည်။
စိုင်သည် ၂၀၁၆ ခုနှစ်တွင် ရာထူးတာဝန်ယူပြီးနောက် ယခုခရီးစဉ်သည် အမေရိကန်သို့ သတ္တမအကြိမ်မြောက် ခရီးစဉ်ဖြစ်သည်။

သို့သော် အမေရိကန်နှင့် ထိုင်ဝမ်ဒေသကြား တရားဝင်ဆက်ဆံမှုပုံစံကို တရုတ်က ပြတ်ပြတ်သားသား ဆန့်ကျင်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူများက ပြောကြားခဲ့သည်ဟု The Washington Post သတင်းစာက မတ် ၂၁ တွင် ဖော်ပြခဲ့သည်။

တရုတ်ကွန်မြူနစ်ပါတီသည် ထိုင်ဝမ်ကို မည်သည့်အချိန်ကမျှ အုပ်ချုပ်ခဲ့ဖူးခြင်း မရှိသော်လည်း ၎င်း၏ ပိုင်နက်အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်းနှင့် ထိုင်ဝမ်နှင့် ငြိမ်းချမ်းစွာ ပြန်လည်ပေါင်းစည်းရေးအတွက် ကြိုးပမ်းလျက်ရှိသည်။ 

ထို့ပြင် အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပလိုစီက ယမန်နှစ် သြဂုတ်တွင် ထိုင်ဝမ်သို့ သွားရောက်ပြီးနောက် တရုတ်နှင့် ထိုင်ဝမ်ကြား တင်းမာမှုများ စတင်ခဲ့လာသည်။

တရုတ်က ထိုင်ဝမ်ကို ၎င်း၏ ပိုင်နက်တစ်စိတ်တစ်ပိုင်းအဖြစ် မှတ်ယူထားသောကြောင့် ပလိုစီ၏ ထိုင်ဝမ်ခရီးစဉ်ကို ကန့်ကွက်ခဲ့သည်။ ထိုင်ဝမ်သို့ ပလိုစီ လာရောက်လည်ပတ်မှုနှင့် ပတ်သက်၍ တရုတ်က ထိုင်ဝမ်အနီးတစ်ဝိုက် စစ်ရေးလေ့ကျင့်မှုများ လုပ်ဆောင်ခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly