စစ်ကောင်စီနှင့် တိုင်းရင်းသားလက်နက်ကိုင် ၃ ဖွဲ့တွေ့ဆုံကာ  သဘောတူညီချက်များ လက်မှတ်ထိုး

စစ်ကောင်စီနှင့် တိုင်းရင်းသားလက်နက်ကိုင် ၃ ဖွဲ့တွေ့ဆုံကာ  သဘောတူညီချက်များ လက်မှတ်ထိုး

အာဏာသိမ်း စစ်ကောင်စီ၏ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC)နှင့် ပြည်ထောင်စုနိုင်ငံရေးဆွေးနွေး ညှိနှိုင်းရေးကော်မတီ (FPNCC)အဖွဲ့ဝင် မြောက်ပိုင်းမဟာမိတ်အဖွဲ့ ၃ ဖွဲ့တို့ နေပြည်တော်တွင် ယမန်နေ့ မတ်လ ၂၂ ရက်မှစတင်၍ ဒေသတည်ငြိမ်ရေးနှင့် ရွေးကောက်ပွဲ ကျင်းပရေးကိစ္စ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါတွေ့ဆုံမှုကို မြောက်ပိုင်းတိုင်းရင်းသားလက်နက်ကိုင် ၃ ဖွဲ့ဖြစ်သည့် “ဝ” ပြည် သွေးစည်းညီညွတ်ရေးပါတီ (UWSP) ၊အမျိုးသားဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ (NDAA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) တို့ တက်ရောက်ခဲ့သည်။ 

အဖွဲ့အသီးသီး၏ လိုလားချက်များ၊ဒေသဖွံ့ဖြိုးရေး၊ဒေသတည်ငြိမ်ရေး၊ရွေးကောက်ပွဲ ကျင်းပရေး၊ငြိမ်းချမ်းရေးညီလာခံကျင်းပရေးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)မှ အခြေခံကျသောပုဒ်မများကို ပြင်ဆင်နိုင်ရေးတို့အား ဆွေးနွေးညှိနှိုင်းကာ နှစ်ဖက်ဆွေးနွေးချက်များအရ သဘောတူညီချက်များရယူနိုင်ရန် မူကြမ်းများကို ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။

ဆွေးနွေးပွဲ ဒုတိယနေ့အဖြစ် မတ် ၂၃ ရက်တွင် NSPNC နှင့်တိုင်းရင်းသားလက်နက်ကိုင် ၃ ဖွဲ့တို့ထပ်မံတွေ့ဆုံဆွေးနွေးကာ သဘောတူညီချက်များအား လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပြည်နယ်နဲ့ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသ တွေတောင်းထားသည့် အဆိုပါ အဖွဲ့များနှင့် မည်သည့် အချက်များလက်မှတ်ထိုးခဲ့ သလဲဆိုတာကိုတော့ တိတိကျကျထုတ်ပြောထားခြင်းမရှိပေ။

အလားတူ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် အပစ်ရပ် ခုနစ်ဖွဲ့၏ အလွတ်သဘော ဆွေးနွေးညှိနှိုင်းရေးအဖွဲ့တို့ကလည်း လာမည့်မတ်လ ၂၈ ရက်နှင့် ၂၉ ရက်တွင် စစ်ကောင်စီ၏ NSPNC အဖွဲ့နှင့် နေပြည်တော်၌ အလွတ်သဘော တွေ့ဆုံမည်ဖြစ်ကြောင်း အပစ်ရပ်ခုနစ်ဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ကပြောသည်။

မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် ခေါင်းဆောင်တချို့ကလည်း ပန်ဆန်းဆွေးနွေးပွဲအပြီးမှာ တရုတ်အစိုးရ၏ အထူးကိုယ်စားလှယ် တိန့်ရှီကျန်နှင့် တရုတ်နိုင်ငံ ကူမင်းမြို့တွင် သွားရောက်တွေ့ဆုံခဲ့ကြသည်။

လက်ရှိ စစ်ကောင်စီတပ်နှင့် တိုက်ပွဲများ ပြင်းထန်ဖြစ်ပွားနေသည့် ကရင်၊ ကရင်နီ၊ ကချင်၊ ချင်း၊ စသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကမူ စစ်ကောင်စီအား အသိအမှတ်မပြုထားသလို စစ်ခေါင်းဆောင်မှ ဖိတ်ခေါ်သည့် ဆွေးနွေးပွဲများကိုလည်း လက်မခံပဲ ပယ်ချထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required