ဆိပ်ခွန်ရွာရဲစခန်းတိုက်ခိုက်ခံရချိန်စစ်ကောင်စီလေကြောင်းမှ လာပစ်၍ ပြည်သူ၂ဉီးသေဆုံး၊ နယ်မြေရှင်းလင်းရန်လာသည့် စစ်ကောင်စီတပ် ကြားဖြတ်တိုက်ခိုက်ခံရပြီး ၇ ဦးသေဟုဆို

By ပါခွီး
24 March 2023
ဆိပ်ခွန်ရွာရဲစခန်းတိုက်ခိုက်ခံရချိန်စစ်ကောင်စီလေကြောင်းမှ လာပစ်၍ ပြည်သူ၂ဉီးသေဆုံး၊ နယ်မြေရှင်းလင်းရန်လာသည့် စစ်ကောင်စီတပ် ကြားဖြတ်တိုက်ခိုက်ခံရပြီး ၇ ဦးသေဟုဆို

မဇ္စျိမ ။။ရွှေဘိုမြို့နယ်၊ ဆိပ်ခွန်ရွာရဲစခန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်စဥ်စစ်ကူလိုက်လာသည့်  စစ်ကောင်စီနှင့်‌ပျူစောထီးပူး‌ပေါင်းတပ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ခုနှစ်ဦးသေဆုံးသွားကြောင်း မဟူရာရွှေဘိုသား (LPDF) က မတ်လ ၂၃ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ဆိပ်ခွန်ရွာရဲစခန်းတွင် အထိုင်ချတပ်စွဲထားသည့် စစ်ကောင်စီတပ်ကို မတ်လ ၁၈ရက်နေ့တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ ပြောက်ကျားစနစ်ဖြင့် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။အဆိုပါရဲစခန်းကို ဒရုန်းဖြင့်ဗုံးချပြီး လက်နက်ကြီးလက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် အထိနာသဖြင့်  နေ့လည် ၂နာရီ ၂၅မိနစ်မှ စတင်ပြီး လေကြောင်းမှ လာရောက်တိုက်ခိုက်ခဲ့သည်ဟု မဟူရာရွှေဘိုသား (LPDF) ကထုတ်ပြန်ထားသည်။ စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုသည် ၄၅မိနစ်ခန့်ကြာခဲ့ပြီး ပြည်သူနှစ်ဦးထိခိုက်သေဆုံးခဲ့သည်ဟုဆိုသည်။

“ ရဲစခန်းကို တိုက်တဲ့ပွဲမှာ သူတို့ဘက်က သေတဲ့စာရင်းအတိအကျမသိရဘူး။သေချာတာကတော့ သူတို့ အထိနာလို့ ဝေဟင်ပစ်ကူခေါ်တာပါ”ဟု မဟူရာ ရွှေဘိုသား(LPDF)မှတာဝန်ရှိသူတဦးက မဇ္ဈိမကို ပြောသည်။

ထို့နောက် မတ်လ ၁၉ရက်နေ့တွင် မြင်းချင်းရွာမှ စစ်ကောင်စီတပ်သားနှင့်ပျူစောထီးပူးပေါင်းအင်အား ၁၀၀ခန့်က ဆိပ်ခွန်ကျေးရွာသို့ နယ်မြေရှင်းလင်းရန် ဝင်ရောက်လာခဲ့ရာ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ စောင့်ကြိုတိုက်ခိုက်ခဲ့ကြောင်း၊တိုက်ပွဲဖြစ်ပွားချိန် ၁၀မိနစ်ခန့်အတွင်း စစ်ကောင်စီတပ်မှ ခုနှစ်ဦးသေဆုံးခဲ့ပြီး သုံးဦးဒဏ်ရာရရှိ သွားကြောင်းသိရသည်။

ထို့သို့ တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်သည် မြင်းချင်းရွာဘက်သို့ ပြန်လည်ဆုတ်ခွာသွားသည်ဟု မဟူရာ ရွှေဘိုသား (LPDF)မှတာဝန်ရှိသူတဦးက ဆိုသည်။ မတ်လ ၁၉ရက်က တိုက်ပွဲအတွင်း ထိခိုက်သေဆုံးမှုနှင့်ပတ်သက်၍ မဇ္ဈိမအနေဖြင့် သီးခြားအတည်ပြုချက်မရရှိသေးပေ။

အဆိုပါတိုက်ပွဲများကို ဒေသတွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဖြစ်သော မဟူရာရွှေဘိုသား (LPDF)၊ SBDF -4 /C3 (Snake Eyes PDF)၊ C&T (Shwebo) နှင့် တိုက်နယ် (၂) ပြည်သူ့ကာကွယ်ရေး အင်အားစုများက ပူးပေါင်းတိုက်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

စာတည်း -မောင်ကြီး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required