ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်း အီမရန်ခန်း အကြမ်းဖက်မှုဖြင့် တရားစွဲခံရ

By Tasnim News Agency 
24 March 2023
ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်း အီမရန်ခန်း အကြမ်းဖက်မှုဖြင့် တရားစွဲခံရ

ပါကစ္စတန် တီရစ်-အီ-အင်ဆက်ဖ် (PTI) ပါတီဥက္ကဋ္ဌ ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း အီမရန်ခန်း အပါအဝင် ၎င်း၏ လက်ထောက် ၁၇ ဦးနှင့် ထောက်ခံသူ ဒါဇင်ပေါင်းများစွာကို အကြမ်းဖက်မှုနှင့် နိုင်ငံတော်ဥပဒေကို ချိုးဖောက်မှုများဖြင့် အစ္စလာမာဘတ် ရဲတပ်ဖွဲ့က တရားစွဲဆိုလိုက်သည်။ 

အစ္စလာမာဘတ်မြို့တွင် မတ် ၁၇ ရက်က အီမရန်ခန်း၏ မော်တော်ယာဉ်တန်းနှင့် လိုက်ပါခဲ့သည့် ထောက်ခံသူများနှင့် တရားဥပဒေ စိုးမိုးရေး တာဝန်ရှိသူများအကြား ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပေါ်ခဲ့ပြီးနောက် ယခုကဲ့သို့ စွဲချက်တင်ခဲ့ခြင်း ဖြစ်သည်။

ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်းသည် တာဝန်ထမ်းဆောင်စဉ်က ပြည်ပခေါင်းဆောင်များထံမှ ရရှိခဲ့သော တန်ဖိုးကြီးလက်ဆောင်များအား ရောင်းချမှုနှင့်ပတ်သက်၍ တရားရင်ဆိုင်ရန် မြို့တော်ရှိ ခရိုင်တရားရုံးသို့ သွားရာလမ်းတွင် ထိုကဲ့သို့ ရုန်းရင်းဆန်ခတ်မှုများ ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်ဟု Sputnik သတင်းတွင် ဖော်ပြထားသည်။

အဆိုပါ ဖြစ်စဉ်ကြောင့် ရဲတပ်ဖွဲ့ဝင် ၅၀ ကျော် ဒဏ်ရာရရှိခဲ့ပြီး ရဲတပ်ဖွဲ့၏ ဂိတ်အတားတစ်ခု၊ ကားများနှင့် ဆိုင်ကယ် အများအပြား မီးရှို့ဖျက်ဆီးခံခဲ့ရသည်။ 
အဆိုပါ စွဲချက်များတွင် အကြမ်းဖက်မှု၊ ရဲတပ်ဖွဲ့ဝင်များအား ဝတ္တရား နှောင့်ယှက်မှု၊ ကိုယ်ထိလက်ရောက် ကျူးလွန်မှု၊ ဒဏ်ရာရစေမှုနှင့် အသက်အန္တရာယ် ခြိမ်းခြောက်မှုများ ပါဝင်သည်။

အီမရန်ခန်းအပြင် ဝန်ကြီးဟောင်း အများအပြားနှင့် ပါကစ္စတန် အမျိုးသားလွှတ်တော် (အောက်လွှတ်တော်) ဥက္ကဋ္ဌဟောင်း တစ်ဦးကိုလည်း အလားတူ ပြစ်မှုများဖြင့် စွပ်စွဲထားသည်။

ဝန်ကြီးချုပ်ဟောင်းက “မိမိ၏ပြိုင်ဘက်များက မိမိကို ထောင်ချရန်ဖြစ်စေ၊ သတ်ပစ်ရန်ဖြစ်စေ ရည်ရွယ်ထားခြင်းဖြစ်ကြောင်း၊ လာဟိုးရှိ ၎င်း၏ နေအိမ်ကို ဝင်ရောက်စီးနင်းမှုကို ရှက်စရာကောင်းသော နည်းဗျူဟာ၊ ပူးပေါင်းကြံစည်မှုများနှင့် အစီအစဉ်များအဖြစ် ပြစ်တင်ရှုတ်ချကြောင်း” ဗီဒီယိုမိန့်ခွန်းတွင် ပြောကြားခဲ့သည်။

အီမရန်ခန်းသည် တရားရုံးများတွင် အမှုရင်ဆိုင်ခြင်းကို ရှောင်ရှားရန် ဉာဏ်များနေခြင်းဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီး ရာနာဆာနာအူလာက စွပ်စွဲခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly