တရုတ်သမ္မတက အမေရိကန်၏ သြဇာလွှမ်းမိုးမှုကို စိန်ခေါ်ရန် ပူတင်နှင့်ရုရှားကို အသုံးချနေ

By PTI  
24 March 2023
တရုတ်သမ္မတက အမေရိကန်၏ သြဇာလွှမ်းမိုးမှုကို စိန်ခေါ်ရန် ပူတင်နှင့်ရုရှားကို အသုံးချနေ

တရုတ်သမ္မတ ရှီကျင့်ဖျင်သည် ကမ္ဘာတွင် အမေရိကန်နှင့် နေတိုး (NATO)အဖွဲ့တို့၏ သြဇာလွှမ်းမိုးမှုကို ယှဉ်ရန် သမ္မတ ပူတင်နှင့် ရုရှားနိုင်ငံတို့ကို အသုံးချနေခြင်းဖြစ်ကြောင်း အမေရိကန်က မတ်လ ၂၁ ရက်တွင် ပြောကြားလိုက်သည်။

တရုတ်ခေါင်းဆောင်ကို ရုရှားသမ္မတ ပူတင်က လက်ခံတွေ့ဆုံနေစဉ် အမေရိကန် အိမ်ဖြူတော်ရှိ နိုင်ငံတော်လုံခြုံရေးကောင်စီ၏ မဟာဗျူဟာဆက်သွယ်ရေး ညှိနှိုင်းရေးမှူး ဂျွန်ကာဘီက ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

 
“ဒီနှစ်နိုင်ငံအကြား နှစ်တွေကြာလာတာနဲ့အမျှ ပိုမိုရင်းနှီးလာတာကို မိတ်ဖက်ဆက်ဆံရေးလို့ သတ်မှတ်လို့မရပါဘူး၊ နှစ်ဦးနှစ်ဖက် အဆင်ပြေတဲ့ ဆက်ဆံရေးလို့ ထင်ပါတယ်။ တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ အာရှတိုက်နဲ့ ကမ္ဘာ့နေရာအနှံ့မှာ အမေရိကန်နဲ့ နေတိုး (NATO) တို့ရဲ့ ဩဇာလွှမ်းမိုးမှုနေမှုကို ယှဉ်နိုင်ဖို့ သမ္မတ ပူတင်နဲ့ ရုရှားကို ပြေးမြင်ခြင်းဖြစ်ပါတယ်” ဟု ကာဘီက သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များကို ပြောကြားခဲ့သည်။

"သမ္မတ ပူတင်က တရုတ်သမ္မတ ရှီကျင့်ဖျင်ကို အလားအလာရှိတဲ့ ကျောထောက်နောက်ခံပေးသူအဖြစ် မြင်တယ်။ နိုင်ငံတကာမှာ မိတ်ဆွေများများစားစားမရှိတဲ့ ပူတင်ဟာ သူလုပ်ဆောင်နေတာတွေနဲ့ပတ်သက်ပြီး သမ္မတ ရှီရဲ့ ထောက်ခံမှုကို အမှန်တကယ် လိုအပ်နေတာကြောင့် ဖြစ်ပါတယ်” ဟု ၎င်းကပြောကြားခဲ့သည်။ 

ပူတင်နှင့် ရှီကျင့်ဖျင်တို့၏ တွေ့ဆုံမှုအပြီး ပူးတွဲကြေညာချက်ကို ကိုးကား၍ ကာဘီက “ယူကရိန်းအရေးအကြောင်း နှစ်ဘက်စလုံးက ပြောဆိုခဲ့ကြပါတယ်၊ ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းပါ ရည်ရွယ်ချက်တွေနဲ့ အခြေခံမူတွေကို လိုက်နာပြီး နိုင်ငံတကာဥပဒေကို လေးစားလိုက်နာရမှာ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။

"ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းကို လိုက်နာရင် ရုရှားအနေနဲ့ ကျူးကျော်ဝင်ရောက်ထားတဲ့ ကုလသမဂ္ဂအဖွဲ့ဝင် ယူကရိန်းနိုင်ငံပိုင် နယ်မြေအားလုံးကနေ ဆုတ်ခွာသွားသင့်ပါတယ်" ဟု ၎င်းက ပြောသည်။
ရုရှားသည် ယခုအခါ တရုတ်၏ မိတ်ဖက်နိုင်ငံငယ်ဖြစ်လာကြောင်း ဂျွန်ကာဘီက ယခင်နေ့က ပြောကြားခဲ့သည်။ 

တရုတ်က ရုရှားအား လူသေစေနိုင်သော လက်နက်အကူအညီများ ပေးနေခြင်း ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ကာဘီက “တရုတ်က ရုရှားကို လူသေစေတဲ့လက်နက်တွေ ပေးဖို့ ပြင်ဆင်နေတယ်ဆိုတဲ့ လက္ခဏာတော့ မတွေ့ရသေးပါဘူး” ဟု ပြောကြားခဲ့သည်။ 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly