ကမ္ဘောဒီးယား အတိုက်အခံတက်ကြွလှုပ်ရှားသူများကို ဘုရင်အား စော်ကားမှုဖြင့် တရားစွဲ 

ကမ္ဘောဒီးယား အတိုက်အခံတက်ကြွလှုပ်ရှားသူများကို ဘုရင်အား စော်ကားမှုဖြင့် တရားစွဲ 
AFP

ကမ္ဘောဒီးယားနိုင်ငံတွင် ဘုရင်အား အရိုအသေတန်စေသည်ဟု အာဏာပိုင်များက မှတ်ယူသော ဖေ့ဘုတ်ပို့စ်များကြောင့် အတိုက်အခံ တက်ကြွလှုပ်ရှားသူနှစ်ဦးကို ဘုရင်အား စော်ကားမှုနှင့် သွေးထိုးလှုံ့ဆော်မှုတို့ဖြင့် ဗုဒ္ဓဟူးနေ့တွင် တရားစွဲသည်။ 

ထောင်ဒဏ် တစ်နှစ်မှ ငါးနှစ်အထိ ချမှတ်နိုင်သော ၂၀၁၈ ဘုရင်မင်းမြတ် ဥပဒေသည် သဘောထားကွဲလွဲသူများကို ကျယ်ကျယ်ပြန့်ပြန့် ပစ်မှတ်ထားလာနိုင်သည်ဟု လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများက ယခင်ကတည်းက သတိပေးထားသည်။ 

ယင်စီနွန်နှင့် ဟွန်ကိုဆဲလ်ဆိုသူ လူငယ်တက်ကြွလှုပ်ရှားသူနှစ်ဦးကို ဘုရင် နိုရိုဒွမ် စီဟာမိုနီအား ဖေ့ဘုတ်ပေါ်တွင် စော်ကားသည့်ပို့စ်များ တင်သည် စွပ်စွဲလျက် အင်္ဂါနေ့ ညနေပိုင်းက ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ 

အတိုက်အခံ ခေါင်းဆောင် ကမ်ဆိုခါ၏ ရင်းနှီးသော လက်ထောက်ဖြစ်သည့် ယင်စီနွန်သည် “လက်ဖက်ရည်ဆိုင်က လူတွေရဲ့ ပြောစကားအရ ဒီနေ့မှာ ကျွန်တော်တို့ ဘုရင်အစစ်ကို ရှင်းရှင်းလင်းလင်း မြင်ရပြီ”ဟု ပို့စ်တင်ခဲ့ခြင်း ဖြစ်သည်။ 

ဟွန်ကိုဆဲလ်ကလည်း “ခမာဘုရင်အပေါ် မဖွယ်မရာ ပြုကျင့်မှုများ ခံစားရပြီးနောက် ဘုရင်နဲ့ ထီးနန်းကို ကာကွယ်ဖို့ ကမ်ဆိုခါနောက်က လိုက်ပါမယ်”ဟု ဆိုပြီး ရေးသားခြင်း ဖြစ်သည်။ 

ကမ္ဘောဒီးယားတွင် လာတော့မည့် SEA Games ပြိုင်ပွဲများအတွက် မီးရှုးတိုင်ကို မီးထွန်းညှိသော အင်္ဂါနေ့က အန်ကောဝတ်ဘုရားကျောင်းရှိ ရုပ်သံတိုက်ရိုက်ထုတ်လွှင့်သော အခမ်းအနားတစ်ခုသို့ ဘုရင် စီဟာမိုနီ၊ ဝန်ကြီးချုပ် ဟွန်ဆန်နှင့် အကြီးတန်း အစိုးရတာဝန်ရှိသူများ တက်ရောက်ခဲ့ပြီးနောက်တွင် ၎င်းတို့နှစ်ဦးက ပို့စ်တင်ကြခြင်း ဖြစ်သည်။ 

၎င်းတို့နှစ်ဦးသည် ဘုရင်အား စော်ကားခြင်းနှင့် လူမှုလုံခြုံရေးတွင် ပြင်းထန်သော မတည်ငြိမ်မှုများ ဖြစ်စေရန် သွေးထိုးလှုံ့ဆော်ခြင်းများဖြင့် ဖမ်းဆီးရန် ဗုဒ္ဓဟူးနေ့ ညပိုင်းက တရားသူကြီးတစ်ဦး ညွှန်ကြားထားသော သီးခြား ဝရမ်းနှစ်စောင်ကို အေအက်ဖ်ပီက မြင်တွေ့ခဲ့ရသည်။ 

ထိုသူနှစ်ဦးတွင် ရည်ရွယ်ချက် ဆိုးများ ရှိပြီး ဘုရင်နှင့် မိမိကို စော်ကားသော မည်သူမဆိုအား ခွင့်လွှတ်လိမ့်မည်မဟုတ်ကြောင်း ဝန်ကြီးချုပ် ဟွန်ဆန်က ဗုဒ္ဓဟူးနေ့ ဘွဲ့နှင်းသဘင်အခမ်းအနားတစ်ရပ်တွင် ပြောသည်။ 

“ဒါဟာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် အခွင့်အရေးမဟုတ်ဘူး၊ ဘုရင်ကို စော်ကားဖို့၊ ဖျက်ဆီးဖို့၊ ဝန်ကြီးချုပ် နာမည်ကို ဖျက်ဖို့ ရည်ရွယ်ချက်ရှိရှိ အသရေဖျက်တာ ဖြစ်တယ်”ဟု ဟွန်ဆန်က ပြောသည်။ 

၎င်းတို့ နှစ်ဦးသည် သွေးထိုးလှုံ့ဆော်မှုအတွက် ထောင်ဒဏ်နှစ်နှစ် ကျခံရနိုင်သည်။ 

သူတို့နှစ်ဦးကို လုပ်ဇာတ်ခင်းပြီး နိုင်ငံရေးရည်ရွယ်ချက်ဖြင့် ဖမ်းဆီးတရားစွဲခြင်းသာ ဖြစ်သည်ဟု လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့၏ အာရှရေးရာ လက်ထောက်ညွှန်ကြားရေးမှူး ဖီးလ် ရောဘတ်ဆန်က ပြောသည်။ 

အတိုက်အခံခေါင်းဆောင် ကမ်ဆိုခါကို ယခုအစောပိုင်းက ထောင်ဒဏ် ၂၇ နှစ် ချမှတ်ခဲ့ပြီး သစ္စာဖောက်မှုအတွက် နေအိမ်အကျယ်ချုပ်ဖြင့် ထားရှိထားသည်။ 

ကမ္ဘောဒီးယားတွင် ရွေးကောက်ပွဲများကို ဇူလိုင်လတွင် ကျင်းပရန်  ရှိသည်။ 

(မိုးသဲ ဘာသာပြန်သည်။) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly