မတူပီမြို့နယ်မှ  ၃ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၁၈ ယောက် သေဆုံး 

By ပါခွီး မဇ္စျိမ
23 March 2023
မတူပီမြို့နယ်မှ  ၃ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၁၈ ယောက် သေဆုံး 

ချင်းပြည်နယ်၊ မတူပီမြို့နယ်အတွင်းဖြစ်ပွားခဲ့သည့် သုံးရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီတပ် သား ၁၈ ယောက်သေဆုံးခဲ့ကြောင်း ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့(မတူပီ)(CDF–Matupi) က ထုတ်ပြန် ထားသည်။
မတ်လ ၂၀ ရက်နေ့က မတူပီမြို့အခြေစိုက် ခလရ (၃၀၄) တပ်မှ ကားသုံးစီး ၊ အင်အား ၈၀ ခန့်ဖြင့် မတူပီ - ပလက်ဝလမ်းပေါ်ရှိ ထယ်ဘွေ့အခြေစိုက် စစ်ကောင်စီတပ်စခန်းသို့ ရိက္ခာနှင့်အင်အားဖြည့်တင်းရန် ထွက် ခွာလာသည့်စစ်ကြောင်းကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

နံနက် ၁၀ နာရီအချိန် မတူပီ - ပလက်ဝလမ်း (၆)မိုင်တွင် ထိတွေ့မှုတစ်ကြိမ်နှင့် မွန်းလွဲ ၁ နာရီအချိန်၌ (၇)မိုင်နှင့် (၈)မိုင်အကြားတွင် တိုက်ပွဲတစ်ကြိမ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ဆက်လက်ပြီး မတ်လ ၂၁ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်အချိန်တွင် (၉)မိုင်နှင့် တွီရှစ်ရွာအဝင်တွင် တိုက်ပွဲများဖြစ်ပွားခဲ့ရာ နှစ်ရက်ပေါင်း စစ်ကောင်စီတပ်မှ ၁၂ ဦး သေဆုံးခဲ့ပြီး အများအပြားဒဏ်ရာရရှိ သွားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“အဓိက က သူတို့ကထိုးစစ်ဆင်တဲ့သူ၊ ရွေ့နေတဲ့ပစ်မှတ်ဆိုတော့ သူတို့ဘယ်လမ်းကလာမလဲဆိုတာ သိနေရတဲ့အတွက် ချုံခိုတိုက်လို့ရတာပေါ့။ ကိုယ်ကစောင့်ပြီး တိုက်ရတာဆိုတော့ အသာစီးရတာပေါ့” ဟု CDF – Matupi ပြန်ကြားရေးတာဝန်ခံ Aaron က မဇ္စျိမကိုပြောသည်။

ယခုစစ်ကြောင်းသည် ယာဉ်များဖြင့်တက်လာသည့်အတွက် လမ်းမကြီးများကိုသာအသုံးပြုနေရပြီး တော လမ်းမှမလာနိုင်သောကြောင့် နယ်မြေကျွမ်းကျင်သည့် ဒေသခံချင်းကာကွယ်ရေးတပ်ဖွဲ့အတွက် အားသာ ချက်ဖြစ်ကြောင်း ဆိုသည်။
အဆိုပါစစ်ကောင်စီစစ်ကြောင်းသည် မတူပီ-ပလက်ဝလမ်း မိုင်တိုင် (၁၂) တွီရှစ်ရွာတွင် ညအိပ်ရပ်နားခဲ့ ပြီး မတ်လ ၂၂ ရက်နေ့တွင် ဆက်လက်ထွက်ခွာလာရာ တွီရှစ်ရွာအထွက် သင်္ချိုင်းကုန်းနှင့် ပန်းတွီလမ်းခွဲ တွင် နံနက် ၆ နာရီ ၅၀ မိနစ်မှ ၈ နာရီအထိ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယင်းတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ခြောက်ဦးသေဆုံးခဲ့ပြီး အများအပြားဒဏ်ရာရရှိခဲ့ကာ ၎င်းတို့ ဘက်မှ အထိအခိုက်မရှိ ခုခံကာကွယ်နိုင်ကြောင်း မတ်လ ၂၃ ရက် ယနေ့တွင် CDF – Matupi မှ ထုတ်ပြန် ထားသည်။

မွန်းလွဲ ၂ နာရီနှင့် ၃ နာရီအကြားတွင် မတူပီဘက်မှ စစ်ကူ အယောက် ၃၀ ရောက်ရှိလာပြီး တိုက်ပွဲအတွင်း ဒဏ်ရာရရှိသူများကို ရဟတ်ယာဉ်ဖြင့် လာရောက်ခေါ်ဆောင်ခဲ့ကြောင်း ဆိုသည်။

ချင်းကာကွယ်ရေးတပ်ဖွဲ့မှ ဆက်လက်ခုခံတိုက်ခိုက်နေသဖြင့် စစ်ကောင်စီတပ်သားများ ရှေ့ဆက်မတိုး နိုင်ဘဲ တွီရှစ်ရွာသို့ ပြန်လည်ဆုတ်ခွာခဲ့ကြောင်း သိရသည်။

မတ်လ ၂၃ ရက် ယနေ့တွင်လည်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနိုင်ကြောင်းနှင့် မြေပြင်အခြေအနေများ ကို သိရှိရခြင်းမရှိသေးကြောင်း ပြန်ကြားရေးတာဝန်ခံမှ ဆက်လက်ပြောဆိုသည်။

စစ်ကောင်စီတပ်မှအထိနာလျှင် လေယာဉ်များအသုံးပြုနိုင်သဖြင့် မိဘပြည်သူများအနေဖြင့် ဘေးကင်း ရာသို့ပြောင်းရွေ့ကြပါရန်နှင့် ကတုတ်ကျင်းများ အဆင့်သင့်ထားရှိကြပါရန် CDF – Matupi မှ အသိပေး ထားသည်။

စစ်ကောင်စီတပ်ဖွဲ့များ ရိက္ခာနှင့် စစ်အင်အားဖြည့်တင်းရန်သွားရောက်မည့် ထယ်ဘွေ့စခန်းသည် မတူပီ နှင့် ပလက်ဝနယ်စပ်တွင်တည်ရှိပြီး ၎င်းစခန်းအနီးရှိ ထယ်ဘွေ့ရွာမှဒေသခံများသည် ယမန်နှစ်ကတည်း က နေရပ်စွန့်ခွာ ရှောင်တိမ်းနေရကြောင်း သိရသည်။

စာတည်း။  ။စောဖေ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly