စည်းရိုးပရောဂျက်တွင် ပါဝင်ပေးကြရန် KNDF ဗျူဟာမှူး တောင်းဆို

By ဂျူချန်း မဇ္ဈိမ
23 March 2023
စည်းရိုးပရောဂျက်တွင် ပါဝင်ပေးကြရန် KNDF ဗျူဟာမှူး တောင်းဆို

ကရင်နီပြည်နယ်တွင် စစ်ကောင်စီတပ်နှင့် တိုက်ပွဲပြင်းထန်လျက်ရှိသည့် ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်(KNDF) ဗျူဟာ(၄)အတွက် လက်နက်ခဲယမ်းများဖြည့်တင်းနိုင်ရန် “စည်းရိုး-The Fence” ဆိုသည့် ရန်ပုံငွေရှာဖွေရေးအစီအစဉ်တစ်ခု လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

အဆိုပါ “စည်းရိုး-The Fence” ပရောဂျက်ကို မတ်လ ၂၀ ရက်နေ့မှ ဧပြီလ ၉ ရက်နေ့အထိ ရက်ပေါင်း ၂၁ ရက်အတွင်း ကျပ်သိန်း ၁၀,၀၀၀ ရရှိရန် ရည်ရွယ်ထားကြောင်း သိရသည်။

“လူ့စည်းဘီးလူးစည်း ခြားနိုင်ဖို့အတွက် စည်းရိုးတည်ဆောက်ဖို့ရာအတွက်ရည်ရွယ်ပါတယ်။ အဲဒီစည်းရိုး ရဲ့နောက်ကွယ်မှာ ပြည်သူ့အုပ်ချုပ်ရေးတွေ၊ ကျနော်တို့ ပြည်သူတွေက ဦးဆောင်ပြီး run နေတဲ့ ကျန်းမာ ရေး၊ ပညာရေး၊ စီးပွားရေး၊ လူမှုရေး စတဲ့ကိစ္စအဝဝကို ကျနော်တို့ ဒီစည်းရိုးရဲ့နောက်မှာ ကောင်းမွန်စွာ ကျနော်တို့လုပ်မှာပါ” ဟု KNDF ဗျူဟာအမှတ်(၄)ကို ညွှန်ကြားမှုပြုလုပ်နေသည့် KNDF ဒုစစ်ဦးစီးချုပ် မာဝီက “စည်းရိုး” ပရောဂျက်နှင့် ပတ်သက်၍ ပြောသည်။

အဆိုပါ “စည်းရိုး” မှ ရရှိလာသည့်အလှူငွေများအား KNDF ဗျူဟာအမှတ်(၄) ရှိ တပ်ရင်းများအား မောင်းပြန်သေနတ် အလက် ၁၀၀ ခန့် ဖြည့်တင်းပေးနိုင်ရန်ရည်ရွယ်ကြောင်း ဒုစစ်ဦးစီးချုပ် မာဝီက ပြော သည်။ အဆိုပါ KNDF ဗျူဟာ အမှတ်(၄)တွင် KNDF တပ်ရင်း(၁)၊ တပ်ရင်း(၅)၊ တပ်ရင်း(၆) နှင့် တပ်ရင်း(၇) တို့ပါဝင်ကြောင်း သိရသည်။

“စည်းရိုး” ပရောဂျက်တွင် နိုင်ငံအသီးသီးမှ အလှူငွေများထည့်ဝင်နိုင်ရန်အတွက် မြန်မာ၊ ထိုင်း၊ မလေး ရှား၊ စင်္ကာပူ။ ကိုးရီးယား၊ ဂျပန်၊ ထိုင်ဝမ်၊ ဟောင်ကောင်၊ အမေရိကန်၊ ကနေဒါ၊ ဩစတေးလျ၊ UK၊ ဥရောပ နိုင်ငံများနှင့် အာရပ်စော်ဘွားများပြည်ထောင်စု စသည့် နိုင်ငံအသီးသီးမှ အလှူငွေများ ထည့်ဝင်နိုင်ရန် Fundraiser များ ထားရှိထားသည့်အပြင် Paypal ၊ Cryptocurrency များဖြင့်လည်း “စည်းရိုး” ပရောဂျက် တွင် ပါဝင်နိုင်ကြောင်း ဖော်ပြထားသည်။

ပရောဂျက်စတင်သည့် မတ်လ ၂၀ ရက်နေ့မှ မတ်လ ၂၂ ရက်နေ့အထိ သုံးရက်အတွင် သတ်မှတ်ပမာဏ၏ လေးရာခိုင်နှုန်းရရှိထားပြီဖြစ်ပြီး ကျန်ရှိနေသည့်ရက်များတွင်လည်း ပြည်သူများပါဝင်ပေးကြရန်နှင့် ရရှိ သည့် အလှူငွေများအား တစ်ပြားတစ်ချပ်မျှ အလဟဿမဖြစ်စေရန် KNDF ဗျူဟာ(၄) မှ တာဝန်ယူ ကြောင်း စည်းရိုး-The Fence မှ ဖော်ပြထားသည်။

စာတည်း။  ။စောဖေ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly