အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်အပေါင်းအပါတစ်စုကို လာမည့် မတ်လ၂၇ရက်နေ့တွင် ဆရာတော်များက ပတ္တနိက္ကုဇ္ဇနကံဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာအပါအဝင်နိုင်ငံပေါင်း ၁၃ နိုင်ငံမှ ထေရဝါဒနှင့်မဟာယနဝါဒမှ ဆရာတော်ကြီးများ၊ မြန်မာရဟန်းတော်များ၊ နိုင်ငံခြားသား ရဟန်းတော်များက ပတ္တနိက္ကုဇ္ဇနကံဆောင်ကာ သပိတ်မှောက်သွားမည်ဖြစ်ကြောင်း နိုင်ငံတကာငြိမ်းချမ်းရေးသံဃကွန်ရက်မှ ဦးဇင်းဂျောင်းဂျောင်းက မဇ္ဈိမသို့မိန့်ကြားသည်။
“စစ်တပ်ကိုသပိတ်မှောက်တာမဟုတ်ဘူး။ အဲဒါတော့ရှင်းရှင်းလင်းလင်းသိဖို့လိုတယ်။ စစ်တပ်နဲ့မဆိုင်ဘူး။ ဒီအာဏာရူးအာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်နဲ့အပေါင်းအပါတစ်စုကို ဦးတည်ပြီးသပိတ်မှောက်တာဖြစ်တယ်” ဟု ဆိုသည်။
မတ်လ၂၇ရက်နေ့သည် စစ်တပ်ကသတ်မှတ်ထားသည့် တပ်မတော်နေ့ဖြစ်ပြီး ဗိုလ်ရှုခံအခမ်းအနားများ ကျင်းပချိန်တွင် တစ်ပြိုက်နက်ပြုလုပ်လိုသော်လည်း နိုင်ငံအလိုက် အချိန်ကွာဟချက်ကြောင့် ပြောင်းရွေ့ခဲ့ရသည်ဟုသိရသည်၊
သပိတ်မှောက်ခြင်းကို မတ်လ၂၇ရက်နေ့မြန်မာစံတော်ချိန် ည ၈နာရီတွင်စတင်မည်ဖြစ်ပြီး Zoom meeting မှတစ်ဆင့် ပြည်သူလူထံ အသိပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ပတ္တနိက္ကုဇ္ဇနကံဆောင်သည်ဆိုသည်မှာ သပိတ်မှောက်ခံရသည့်ဒါယကာ၊ ဒါယိကာမများနှင့် မည်သို့မျှ ဆက်ဆံမှုမပြုတော့ခြင်းဖြစ်ပြီး ၎င်းတို့ကတောင်းပန်မှသာလျှင် သပိတ်ကိုပြန်လှန်ရသည့် သဘောဖြစ်ကြောင်း အထက်ပါဦးဇင်းက မိန့်ဆိုသည်။
စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လှုပ်ရှားမှုများအတွင်း သံဃာထုပါဝင်သည့် ပတ္တနိက္ကုဇ္ဇနကံဆောင်ခြင်းကို ၈၈ ပြီး နောက်ပိုင်း ၁၉၉၀ခုနှစ်တွင် တစ်ကြိမ်၊ ၂၀၀၇ ခုနှစ်တွင်တစ်ကြိမ် စုစုပေါင်း နှစ်ကြိမ်ပြုလုပ်ခဲ့ပြီး ယခုတစ်ကြိမ်မှာ တတိယအကြိမ်မြောက်ဖြစ်သည်။
စာတည်း - သန့်ဇော်(သန်လျင်)