တရုတ်စီးပွားရေးသမား ကောင်းဝမ်ဟွေကို ဒေါ်လာ ၁ ဘီလီယံ လိမ်လည်မှုဖြင့် အမေရိကန် စွဲချက်တင် 

By Reuters 
23 March 2023
တရုတ်စီးပွားရေးသမား ကောင်းဝမ်ဟွေကို ဒေါ်လာ ၁ ဘီလီယံ လိမ်လည်မှုဖြင့် အမေရိကန် စွဲချက်တင် 

သမ္မတဟောင်းဒေါ်နယ်ထရမ့် အကြံပေး စတိဗ်ဘန်နွန်နှင့် အဆက်အသွယ်ရှိသည့် ပြည်ပရောက် တရုတ်စီးပွား ရေးသမား ကောင်းဝမ်ဟွေအား အွန်လိုင်းစောင့်ကြည့်သူများထံမှ ဒေါ်လာ ၁ ဘီလီယံကျော် လိမ်လည်လှည့်ဖြားရန် ကြိုးပမ်းမှုဖြင့် အမေရိကန်အစိုးရက မတ်လ ၁၅ ရက်တွင် တရားစွဲဆိုခဲ့သည်။ 

ဝါရင့်ဘဏ္ဍာရေးအကြံပေး ကင်မင်ဂျဲ၏ အကူအညီဖြင့် ကောင်းဝမ်ဟွေသည် ၂၀၁၈ ခုနှစ်ကတည်းက ရင်းနှီးမြှုပ်နှံမှုအတွက် အမြတ်များများပေးမည်ဟု ကတိပေးကာ အွန်လိုင်းပေါ်မှ စောင့်ကြည့်သူထောင်ပေါင်းများစွာကို လိမ်လည်လှည့်ဖြားခဲ့ပြီး ၎င်းနှင့် မိသားစုကမူ ယင်းငွေများဖြင့် ခမ်းခမ်းနားနားနေထိုင်ခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။

အသက် ၅၂ နှစ်အရွယ် ကောင်းဝမ်ဟွေသည် ပိုက်ဆံများကို မသမာသည့် နည်းလမ်းဖြင့် ရယူပြီးနောက် ငွေချေးသက်သေခံလက်မှတ် လိမ်လည်မှု၊ အွန်လိုင်းမှလိမ်လည်မှုနှင့် ငွေကြေးခဝါချမှုအပါအဝင် ရာဇဝတ်မှု ၁၁ ခုဖြင့် စွဲချက်တင်ခံခဲ့ရသည်ဟု မန်ဟက်တန်ရှိ အမေရိကန်ရှေ့နေ ဒါမန်ဝီလျံက ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။

ကောင်းဝမ်ဟွေသည် မတ်လ ၁၅ ရက် နံနက်တွင် ဖမ်းဆီးခံခဲ့ရပြီး အာမခံမပေးဘဲ ထိန်းသိမ်းထားရန် အမိန့်ချခဲ့သည့် မန်ဟက်တန်ဖက်ဒရယ်တရားရုံးမှ အမေရိကန်တရားသူကြီး ကက်သရင်းပါကာရှေ့မှောက်တွင် အပြစ်မရှိကြောင်း ပြောကြားခဲ့သည်။
ကောင်း၏ ရှေ့နေ တာမာရာဂီဝက အာမခံရရန် လျှောက်မည်ဖြစ်ကြောင်း မတ်လ ၁၅ ရက် ကြားနာမှုတွင် ပြောကြားခဲ့သည်။ နောက်ထပ်ရုံးချိန်းမှာ ဧပြီ ၄ ရက်ဖြစ်သည်။

ဟိုဝမ်ကော့၊ မိုင်းစ်ကော့ စသည့် အခြားအမည်များလည်းအသုံးပြုသည့် ကောင်းသည် သမ္မတဟောင်းထရမ့်အကြံပေး ဘန်နွန်နှင့် စီးပွားဖက်များဖြစ်သည်။ ကောင်းက ၎င်း၏ ရွက်လှေ Lady May ပေါ်တွင် ရှိနေစဉ် ၂၀၂၀ ပြည့်နှစ် သြဂုတ်လက ဘန်နွန်သည် လိမ်လည်မှုဖြင့် ဖမ်းဆီးခံခဲ့ရသည်။
သမ္မတထရမ့်က ဘန်နွန်ကို သမ္မတသက်တမ်းကုန်ခါနီးတွင် လွှတ်ပေးခဲ့သည်။ ဘန်နွန်သည် ကောင်းဝမ်ဟွေ၏ ရာဇဝတ်မှုတွင် ကြံရာပါအဖြစ် စွပ်စွဲခံရခြင်း မရှိပေ။

အမေရိကန်တရားရေးဌာနသည် ယခု ပိတ်သိမ်းထားသည့် Silvergate ဘဏ်နှင့် ဘဏ်အများအပြားအပါအဝင် ဘဏ်အကောင့် ၂၁ ခုမှ ကောင်းဝမ်ဟွေ လိမ်လည်ရယူထားသော ဒေါ်လာ ၆၃၄ သန်းကို သိမ်းယူရန် ကြိုးပမ်းနေကြောင်း ပြောကြားခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly