တရုတ်နှင့်သက်ဆိုင်သည့် အဓမ္မလုပ်အားပေးခိုင်းစေမှုဥပဒေအရ ထိန်းသိမ်းထားသော အီလက်ထရွန်းနစ်ပစ္စည်းအချို့ကို အမေရိကန် ပြန်ထုတ်ပေး

By Reuters 
23 March 2023
တရုတ်နှင့်သက်ဆိုင်သည့် အဓမ္မလုပ်အားပေးခိုင်းစေမှုဥပဒေအရ ထိန်းသိမ်းထားသော အီလက်ထရွန်းနစ်ပစ္စည်းအချို့ကို အမေရိကန် ပြန်ထုတ်ပေး

အဓမ္မလုပ်အားပေးခိုင်းစေမှုဖြင့် ထုတ်လုပ်သည့် ထုတ်ကုန်များကို ဖယ်ရှားရန် ရည်ရွယ်သည့် ဥပဒေသစ်အရ ၂၀၂၂ ခုနှစ်မှ စတင်ကာ သိမ်းဆည်းထားသော ဆိုလာပြားများအပါအဝင် အီလက်ထရွန်းနစ်ပစ္စည်း ၃ ပုံ ၁ ပုံကျော်ကို အမေရိကန်အကောက်ခွန်အရာရှိများက မတ်လ ၁၄ ရက်တွင် ပြန်ထုတ်ပေးလိုက်သည်။

ဝီဂါအဓမ္မလုပ်အားပေးစေခိုင်းမှုကာကွယ်ရေးအက်ဥပဒေ(UFLPA) အရ လနှင့်ချီ ပိတ်ဆို့မှုများ ပြုလုပ်ပြီးနောက် အမေရိကန်၏ ဆိုလာပြားများ တင်သွင်းမှု မြင့်တက်လာကြောင်း Reuters က အစီရင်ခံပြီး တစ်ပတ်အကြာတွင် ပစ္စည်းများကို ပြန်ထုတ်ပေးလိုက်ကြောင်း အမေရိကန်အကောက်ခွန်နှင့် နယ်စပ်ကာကွယ်ရေးဌာန(CBP) ၏ အချက်အလက်သစ်များတွင် ဖော်ပြထားသည်။

အချက်အလက်များအရ CBP သည် စစ်ဆေးမှုပြုလုပ်ရန် သိမ်းဆည်းထားသည့် ဒေါ်လာ ၈၄၁ သန်းတန်ဖိုးရှိ တင်ပို့မှု ၁၆၂၇ ကြိမ်အနက် ဒေါ်လာ ၃၄၅ သန်း တန်ဖိုးရှိ တင်ပို့မှု ၅၅၂ ကြိမ်မှ အီလက်ထရွန်းနစ်ပစ္စည်းများကို ပြန်ထုတ်ပေးခဲ့သည်။ 

ပြန်ထုတ်ပေးသည့် ပစ္စည်းများတွင်  ဆိုလာပစ္စည်း ရာခိုင်နှုန်းမည်မျှပါဝင်ကြောင်း မသိရသေးသော်လည်း အောက်တိုဘာ လနှောင်းပိုင်းအထိ CBP သည် ဆိုလာစွမ်းအင်သုံးပစ္စည်း တင်ပို့မှု ၁ ဝဝဝ ကျော်ကို တားမြစ် ခဲ့ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

UFLPA ဥပဒေသည် ရှင်ကျန်းဒေသတွင် ထုတ်လုပ်သည့် ကုန်ပစ္စည်းများတင်သွင်းခြင်းကို တားမြစ်ထားသည်။ တရုတ်အာဏာပိုင်များသည် ဝီဂါနှင့် အခြားသော မွတ်စလင်အုပ်စုများအတွက် လုပ်သားစခန်းများ တည် ဆောက်ထားကြောင်း သတင်းများထွက်ပေါ်နေသော်လည်း ဖိနှိပ်မှုများမရှိကြောင်း တရုတ်က ငြင်းဆိုထားသည်။

ထုတ်လုပ်သူများက တင်သွင်းလာသော စက်ပစ္စည်းများ၏ ကုန်ကြမ်းအရင်းအမြစ်သည် ရှင်ကျန်းမှ မဟုတ်ကြောင်း သက်သေပြရန် UFLPA ဥပဒေတွင် ဖော်ပြထားသည်။

အမေရိကန်တွင် ၂၀၂၂ ခုနှစ် ဇွန်လမှ စတင်ပြီး UFLPLA ဥပဒေအရ သိမ်းဆည်းခံထားရသော စုစုပေါင်းတင်ပို့မှု ဒေါ်လာ ၉၆၁ သန်း၏ ၈၈ ရာခိုင်နှုန်းမှာ အီလက်ထရွန်းနစ်ပစ္စည်းများ ဖြစ်သည်။ 
အမေရိကန်ဒေါ်လာ ၇ သန်းတန်ဖိုးရှိ  အီလက်ထရွန်းနစ်ပစ္စည်း တင်ပို့မှု ၁၇ ခုမှာလည်း အမေရိကန် ဈေးကွက်သို့ ဝင်ရောက်ခွင့်မရသေးပေ။

ပြန်လည်သုံးသပ်ခြင်းခံရသော အီလက်ထရွန်နစ်ပစ္စည်းအများစုမှာ မလေးရှားနှင့် ဗီယက်နမ်မှဖြစ်ပြီး ထိုင်းနှင့် တရုတ်က ပမာဏအနည်းငယ်သာရှိကြောင်း CBP က ဖော်ပြထားသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly