ထိုင်ဝမ်အနီးတစ်ဝိုက်တွင် တရုတ်စစ်လေယာဉ် ၂၆ စင်း နှင့် ရေတပ်သင်္ဘော ၄ စင်း လှုပ်ရှားခဲ့

By ANI
22 March 2023
ထိုင်ဝမ်အနီးတစ်ဝိုက်တွင် တရုတ်စစ်လေယာဉ် ၂၆ စင်း နှင့် ရေတပ်သင်္ဘော ၄ စင်း လှုပ်ရှားခဲ့

ထိုင်ဝမ်အနီးတွင်  တရုတ်စစ်လေယာဉ် ၂၆ စင်းနှင့် ရေတပ်သင်္ဘော ၄ စင်းကို မတ်လ ၁၇ နှင့် ၁၈ ရက်က ခြေရာခံမိခဲ့ကြောင်း ထိုင်ဝမ်အမျိုးသားကာကွယ်ရေးဝန်ကြီးဌာန (MND) က ထုတ်ပြန်သည်။ 

တရုတ်စစ်လေယာဉ် ၂၆ စင်းအနက် ၁၅ စင်းသည် ထိုင်ဝမ်၏လေကြောင်းကာကွယ်ရေးသတ်မှတ်ဇုန် (ADIZ) အတွင်း ပျံသန်းခဲ့သည်။ Chengdu J-10 တိုက်လေယာဉ် ၄ စင်း၊ Shenyang J-16 တိုက်လေယာဉ် ၄ စင်း၊ CH-4 ကင်းထောက်ဒရုန်း ၁ စင်းနှင့် Harbin BZK-005 ကင်းထောက်ဒရုန်း ၁ စင်းသည် ထိုင်ဝမ်ရေလက်ကြား အလယ်မျဉ်းကို ဖြတ်ကျော်ဝင်ရောက်ခဲ့သည်။

 နောက်ထပ် Harbin ကင်းထောက်ဒရုန်း ၁ စင်းသည် ထိုင်ဝမ် ADIZ ၏ တောင်ဘက်အစွန်းတစ်လျှောက် ပျံသန်းခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

ထိုင်ဝမ်၏လေကြောင်းကာကွယ်ရေးသတ်မှတ်ဇုန်၏အနောက်တောင်ဘက်ထောင့်တွင် Shenyang J-16 တိုက်လေယာဉ် ၂ စင်း၊ Shaanxi Y-8 ရေငုပ်သင်္ဘော တိုက်ဖျက်ရေး စစ်လေယာဉ် ၁ စင်းနှင့် BZK-007 ကင်းထောက်ဒရုန်း ၁ စင်းတို့ကို ပျံသန်းခဲ့သည်။

 Harbin Z-9 ရေငုပ်သင်္ဘော တိုက်ဖျက်ရေးရဟတ်ယာဉ် ၁ စင်းကိုလည်း ADIZ ၏ အရှေ့တောင်ဘက်အပိုင်းတွင် တွေ့မြင်ရကြောင်း Taiwan News သတင်းက ဖော်ပြသည်။ 
ထိုင်ဝမ်သည် တရုတ်စစ်လေယာဉ်နှင့် သင်္ဘောများကို စောင့်ကြည့်ရန် လေယာဉ်များ၊ ရေတပ်သင်္ဘောများနှင့် မြေပြင်အခြေစိုက် ဒုံးကျည်များ စေလွှတ်ခြင်းဖြင့် တုံ့ပြန်ခဲ့သည်။

တရုတ်သည် ယခုလအတွင်း ရေတပ်သင်္ဘော ၆၇ စင်းနှင့် စစ်လေယာဉ် ၂၆၆ စင်းကို ထိုင်ဝမ်ဘက်သို့ စေလွှတ်ခဲ့သည်။ တရုတ်သည် ထိုင်ဝမ်၏ ADIZ အတွင်း လေယာဉ်များကို ပုံမှန်စေလွှတ်ခြင်းဖြင့် ၂၀၂၀ ခုနှစ် စက်တင်ဘာမှစတင်၍ ခြိမ်းခြောက်အကျပ်ကိုင်သည့် မီးခိုးရောင်ဇုန်ဗျူဟာအသုံးပြုမှုကို အရှိန်မြှင့်ခဲ့သည်။

မီးခိုးရောင်ဇုန်နည်းဗျူဟာသည် အင်အားအများအပြားကို တိုက်ရိုက် အသုံးပြုခြင်းမရှိဘဲ လုံခြုံရေးရည်မှန်းချက်ရရှိရန် ပုံမှန်အခြေအနေအဟန့်အတားထက်သာလွန်သော  အားထုတ်မှု သို့မဟုတ် စဉ်ဆက်မပြတ် အားထုတ်လုပ်ဆောင်သည့်လုပ်ရပ်ဖြစ်ကြောင်း ထိုင်ဝမ်သတင်းတွင် ဖော်ပြထားသည်။

တရုတ်စစ်သင်္ဘောများ၊ ငါးဖမ်းသင်္ဘောများနှင့် သဲသောင်တူးသင်္ဘောများသည် ထိုင်ဝမ်အစိုးရနှင့် ပြည်သူများအား သတိပေးရန် ရည်ရွယ်လျက် အရင်းအမြစ်ရှာရင်း ခြိမ်းခြောက်ရင်းဖြင့် မီးခိုးရောင်ဇုန်နည်းဗျူဟာကို အသုံးပြုကာ ထိုင်ဝမ်ရေပိုင်နက်ကို ပုံမှန်ဖြတ်သန်းသွားလာနေကြောင်း စစ်ရေးလေ့လာသူများက ပြောသည်။ 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly