တာလီဘန်အစိုးရက မိုးခေါင်ရေရှားနေချိန် ဂျုံသိုလှောင်နိုင်ရေး ကုလသမဂ္ဂထံ အကူအညီတောင်းခံ

By ANI
22 March 2023
တာလီဘန်အစိုးရက မိုးခေါင်ရေရှားနေချိန် ဂျုံသိုလှောင်နိုင်ရေး ကုလသမဂ္ဂထံ အကူအညီတောင်းခံ

စစ်ဘေးသင့်နေသည့် အာဖဂန်နစ္စတန်နိုင်ငံတွင် မိုးခေါင်ရေရှားမှုဖြစ်ပွားနေခြင်းကြောင့် ဂျုံများ သိုလှောင်ထားနိုင်မည့်အဆောက်အအုံများ ထောက်ပံ့ပေးရန် တာလီဘန်အစိုးရက ကုလသမဂ္ဂထံ အကူအညီတောင်းခံထားကြောင်း TOLOnews က ဖော်ပြသည်။

အာဖဂန် စိုက်ပျိုးရေးနှင့် မွေးမြူရေးဆိုင်ရာ ကုန်သည်ကြီးများအသင်းက အဆိုပါ ကိစ္စရပ်နှင့် စပ်လျဉ်း၍   ကူညီပေးရန်နှင့်  အဆိုပါအကူအညီသည် နိုင်ငံ၏စီးပွားရေး မြှင့်တင်ရာတွင် အထောက်အကူပြုလိမ့်မည်ဟု ပြောကြားခဲ့သည်။

တာလီဘန်တို့ အာဖဂန်ကို အာဏာသိမ်းပြီးနောက် နိုင်ငံ၏ စီးပွားရေးသည်  ကျဆင်းသွားခဲ့ပြီး  ပြည်သူများမှာ   ဆိုးရွားသော အကျပ်အတည်းကို ကြုံတွေ့နေရသည်။  
“လက်ရှိအခြေအနေအရ အာဖဂန်နစ္စတန်ကို နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ တခြားနိုင်ငံတွေက ပံ့ပိုးပေးဖို့ လိုအပ်ပါတယ်” ဟု  စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍမှ လက်ထောက်အကြီးအကဲ မာဝီ ဟာဂျီဇာဒါက ပြောသည်။

လက်ရှိဖြစ်ပေါ်နေသော စားနပ်ရိက္ခာအကျပ်အတည်းနှင့် ပတ်သက်၍ "အရေးပေါ်အခြေအနေများအတွက် ဂျုံတန်ချိန် ၁၀၀ ၀၀၀ ဝယ်ယူရေးအတွက် ဘတ်ဂျက်ခွဲတမ်းချပေးရန် စိုက်ပျိုးရေးဝန်ကြီးဌာနက အစိုးရထံ တောင်းဆိုထားကြောင်း တာလီဘန်စိုက်ပျိုးရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ မူစ်ဘာဟက်ဒင် မက်စ်တင်း က ပြောကြားသည်။ 

ကမ္ဘာတစ်ဝန်းမှ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို လက်ခံရရှိခဲ့သော်လည်း အာဖဂန်နစ္စတန်၏ ဆင်းရဲမွဲတေမှု၊ အာဟာရချို့တဲ့မှုနှင့် အလုပ်လက်မဲ့နှုန်းများသည် အဆိုးဆုံးအခြေအနေတွင် ရှိနေဆဲဖြစ်သည်။

"အာဖဂန်နစ္စတန်မှာ နှစ်စဉ် ဂျုံတန်ချိန် ၆ သန်း  ကနေ ၈ သန်းအထိ လိုအပ်နေပါတယ်။ ကံကောင်းစွာနဲ့ပဲ မက်ထရစ်တန်  ၅ သန်းနီးပါးကို ပြည်တွင်း အရင်းအမြစ်တွေကနေ ထောက်ပံ့ပေးနေပြီး ကျန်တာကို နိုင်ငံခြားရင်းမြစ်တွေက ရရှိပါတယ်" ဟု လေ့လာသုံးသပ်သူ ယာကုဘိက TOLOnews သို့ ပြောကြားသည်။

နိုင်ငံလူဦးရေ၏ ထက်ဝက်ကျော်အပေါ် ခွဲခြားဆက်ဆံခြင်းများ ဆက်ရှိနေမှုက အာဖဂန်နစ္စတန်နိုင်ငံ၏ တိုးတက်မှုအပေါ် ထိခိုက်စေသည်။

တာလီဘန်တို့သည် အာဏာသိမ်းပိုက်ပြီးသည့် အချိန်ကတည်းက အထူးသဖြင့် အမျိုးသမီးများနှင့် မိန်းကလေးများ၏ အခြေခံအခွင့်အရေးများကို ပြင်းထန်စွာ ကန့်သတ်ချုပ်ချယ်သည့် ဥပဒေများကို ပြဋ္ဌာန်းခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly