စစ်တပ်က လောင်းလုံးမြို့နယ်အတွင်းရှိ အိမ်ခြေ ၁၅၀ ကျော်ကိုမီးရှို့ပြီး ဒေသခံကိုပါ ပစ်သတ်

By ကိုရွှေမြိတ်
22 March 2023
စစ်တပ်က လောင်းလုံးမြို့နယ်အတွင်းရှိ အိမ်ခြေ ၁၅၀ ကျော်ကိုမီးရှို့ပြီး ဒေသခံကိုပါ ပစ်သတ်

မဲဆောက်(မဇ္ဈိမ) ။ ။  တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်ရှိ ညောပြင်ရွာနှင့် အောက်ကျောက်ဝပ်ကျေးရွာတို့မှ နေအိမ် ၁၅၀ ကျော်ကို စစ်တပ်က မီးရှို့ပြီး အသက် ၂၀ နှစ်ဝန်းကျင် အမျိုးသားတစ်ဦးကိုပါ ဖမ်းဆီးပစ်သတ်ခဲ့ကြောင်း ဒေသခံများထံမှသိရသည်။

မတ်လ ၂၁ ရက်နေ့တွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးပူးပေါင်းတပ်မှ ဝင်ရောက်မီးရှို့ခဲ့ခြင်းဖြစ်ပြီး လူဦးရေ ဆယ်ဂဏန်းခန့်သာ ရွာထဲသို့ပြန်ဝင်နေသေးသည်ဟု ဒေသံများကဆိုသည်။

“ အိမ်တွေကို မီးရှို့ခံထားရတော့ အခု ဘယ်သူမှ ရွာထဲကို ပြန်မဝင်ရဲကြသေးဘူး။ စစ်တပ်က ပြန်လာမှာကို ကြောက်နေကြလို့ ဖြစ်တယ်” ဟု အောက်ကျောက်ဝပ်ရွာနေ ဒေသခံတစ်ဦးက ပြောသည်။

တိုက်ပွဲဖြစ်ပွားခဲ့ခြင်းမရှိဘဲ စစ်ကောင်စီတပ်မှ စစ်ကြောင်းထိုးဝင်ရောက်ကာ အရပ်သားပြည်သူပိုင်နေအိမ်များကို အကြောင်းမဲ့မီးရှို့ခဲ့ခြင်းလည်းဖြစ်သည်။

“နှစ်ရွာလုံးက ဒေသခံတွေ စစ်ရှောင်နေရပါတယ်။ ဒီလိုပဲ ရွာနဲ့ အလှမ်းဝေးတဲ့ တောတောင်တွေမှာ တိမ်းရှောင်နေရတယ်” ဟု ညောပြင်ရွာ ဒေသခံ တစ်ဦးက ပြော သည်။

စစ်ကောင်စီတပ်သည် ယခုမတ်လအတွင်း  လောင်းမြို့နယ်ရှိ နေရာအတော်များများကို ဝင်ရောက် စီးနင်းရှာဖွေမှုများ ပြုလုပ်နေ၍ ဒေသခံများ ထောင်ချီ စစ်ဘေးရှောင်နေရကြောင်း ဆိုသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအနေဖြင့်လည်း ပြည်သူများထိခိုက်မည်ကိုစိုးသဖြင့် ပြောက်ကျားစနစ်ဖြင့်သာ လှုပ်ရှားရန် ပြင်ဆင်နေကြကြောင်းလည်း သိရသည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။    ။သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required