ဥက္ကဋ္ဌနှစ်ဦး သဘောထားကွဲလွဲပြီးနောက် ALP ပါတီတွင်း အကွဲအပြဲများ ဖြစ်ပေါ်နေ

By မီးမီး ( မဇ္စျိမ)
22 March 2023
ဥက္ကဋ္ဌနှစ်ဦး သဘောထားကွဲလွဲပြီးနောက် ALP ပါတီတွင်း အကွဲအပြဲများ ဖြစ်ပေါ်နေ

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)တွင် ပါတီဥက္ကဋ္ဌများဖြစ်ကြသည့် ခိုင်ရဲခိုင့်နှင့် စောမြရာဇာလင်း တို့ကြား သဘောထားကွဲလွဲမှုများဖြစ်ပေါ်ပြီးနောက် ပါတီတွင်းအကွဲအပြဲများ ဖြစ်ပေါ်နေသည်။

ပါတီဥက္ကဋ္ဌဖြစ်သူ ခိုင်ရဲခိုင့်နှင့် ဒုဥက္ကဋ္ဌအဖြစ်တာဝန်ယူခဲ့သည့် စောမြရာဇာလင်းတို့ကြား သဘောထား မတိုက်ဆိုင်မှုများရှိသည့်အတွက် ပါတီကိုပြန်လည်ဖွဲ့စည်းကြောင်း မေလ ၁၉ ရက်နေ့တွင် စောမြရာဇာ လင်းဘက်မှ ထုတ်ပြန်ခဲ့သည်။

“ပါတီဥက္ကဋ္ဌတွေကြားမှာ သဘောထားမတိုက်ဆိုင်တာတွေ ရှိတယ်။ သွားရာလမ်းကြောင်းက မတူဘူး ဖြစ်နေတယ် ” ဟု စောမြရာဇာလင်းက မဇ္ဈိမသို့ ဖြေကြားထားသည်။

ယင်းနောက် မတ်လ ၂၀ ရက်နေ့တွင် စောမြရာဇာလင်းမှာ ပါတီဗဟိုကော်မတီဝင်များနှင့် ဆွေးနွေးခြင်း တစ်စုံတစ်ရာမရှိဘဲ အဖွဲ့အား ပြန်လည်ဖွဲ့စည်းကြောင်းထုတ်ပြန်လာခြင်းမှာ ALP ပါတီနှင့် သက်ဆိုင်မှု မရှိကြောင်း ခိုင်ရဲခိုင့်ဘက်မှ ထုတ်ပြန်ပြောလာသည်။

“လက်ရှိဥက္ကဋ္ဌကြီးအပါအဝင် ဗဟိုကော်မတီဝင် ၉၀ ရာခိုင်နှုန်းက တစ်ခုမှမသိလိုက်ပါဘူး။ အဲဒီလူတွေကို အသိမပေးဘဲ သူက သူ့ဟာသူဥက္ကဋ္ဌဆိုပြီးတော့ နောက်ထပ် ဗဟိုကော်မတီဝင်ငါးယောက်နဲ့လုပ်တာဖြစ် တယ်။ အဲဒါကြောင့် အဲဒါက တရားမဝင်ပါဘူး။ ALP နဲ့လည်း မသက်ဆိုင်ပါဘူး ” ဟု ALP ပါတီ အထွေထွေ အတွင်းရေးမှုး ခိုင်ကျော်ခိုင်က ဆိုသည်။

ယင်းအပြင် စောမြရာဇာလင်းမှာ ပါတီ၊ တပ်မတော်၏ အမည်၊ အမှတ်တံဆိပ်နှင့် အောင်လံတော်တို့ကို အလွဲသုံးစားပြုလုပ်၍ ပါတီသစ်ထူထောင်ခြင်းသည် ပါတီ၏ဖွဲ့စည်းပုံအခြေခံဥပဒေပါ ကြီးလေးသော စည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်ခြင်းဖြစ်သည့်အတွက် စောမြရာဇာလင်းသည် ပါတီနှင့် လုံးဝသက် ဆိုင်မှုမရှိကြောင်း ထုတ်ပြန်ချက်က ဆိုထားသည်။

“ ဥက္ကဋ္ဌ တစ်ယောက်လုံးရှိနေရက်နဲ့ သူ့ဟာသူ ဥက္ကဋ္ဌအဖြစ် ကြေညာတယ်။ ပါတီ ဗဟိုကော်မတီဝင်တွေ ကိုလည်းမသိမပေးဘဲ လုပ်တဲ့အတွက်ကြောင့် သူက ပါတီမှာကြီးလေးတဲ့ပြစ်မှုတွေကို ကျူးလွန်ပြီးသား လည်းဖြစ်ပါတယ်။ ဒါကြောင့် သူဟာသူ ပါတီကထွက်ပြီးသားလည်းဖြစ်ပါတယ် ” ဟု ခိုင်ကျော်ခိုင်က ဆက်ပြောသည်။

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော် ဒုတိယစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်ခိုင်မင်းစိုးနှင့် စစ်သည်နှစ်ဦးကို စောမြရာဇာလင်းမှ မြန်မာစစ်တပ်ကို ဖမ်းခိုင်းခဲ့ကြောင်း ခိုင်ရဲခိုင့်ဖက်မှ ထုတ်ပြန်ချက်တွင် စွပ်စွဲထားသည်။

ထို့နောက် စစ်တွေမြို့ရှိ ALP/ALA အမှတ် (၁၀၁) တပ်ရင်းတွင် လွဲပြောင်း ချူပ်နှောင်ထားမူများကို ပြုလုပ် ခဲ့သည်ဟုလည်း ဆိုသည်။

ယင်းဖြစ်စဉ်ကိုစုံစမ်းရန်အတွက် စောမြရာဇာလင်းအား ပါတီမှတာဝန်ရန်စဲထားခြင်းဖြစ်သော်လည်း အမိန့်နာခံမှုမရှိဘဲ  ဥက္ကဋ္ဌနေရာကိုယူပြီး ပြန်လည်ဖွဲ့စည်းကြောင်းကို ထုတ်ပြန်လာခြင်းဖြစ်သည်ဟုဆို ထားသည်။

တစ်ဖက်တွင်လည်း စောမြရာဇာလင်းက မိမိအနေဖြင့်အဖွဲ့အား ပြန်လည်းဖွဲ့စည်းထားပြီးဖြစ်ကြောင်း ဆိုပြန်သည်။ ထို့အတူ NCA လက်မှတ်ရေးထိုးခြင်းကိုလည်း မိမိကိုယ်တိုင်ပြုလုပ်ထားခြင်းဖြစ်၍ ခိုင်ရဲခိုင့် တို့ကိုသာ မိမိမှချန်လှန်ထားခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။

“ သူတို့ ကျမကို ထုတ်ပယ်လို့ ဘယ်ရမလဲ။ သူတို့ကိုပဲ ကျမက ထားထားခဲ့ပြီပြီးလေ။ သူတို့တွေကို ထားခဲ့ ပြီးတော့ ကျမတို့ ပါတီသစ်ကိုဖွဲ့စည်းလိုက်ပြီဆိုတာကို ၁၉ ရက်နေ့ကတည်းက ထုတ်ပြန်ထားပြီးဖြစ် တယ်။ ကျမကို ထုတ်ပယ်လို့မှ မရတာ။ သူတို့က ကျန်ခဲ့ပြီပါပြီး။ ၂၀၁၅ ခုနှစ်မှာ လက်မှတ်ထိုးထားတဲ့ ပါတီဖြစ်တယ်။ အဲဒါကြောင့် ဒီနာမည်ဟာ တရားဝင်နေတဲ့ နာမည်ဖြစ်တယ်။ ဒီနာမည်ကို ဆရာမတို့က သုံးရမယ်။ NCA လက်မှတ်ရေးထိုးထားတာဟာ ဥက္ကဋ္ဌ ခိုင်ရဲခိုင့်မဟုတ်ဘူး။ ကျမဖြစ်တယ် ” ဟု ၎င်းက ဆိုသည်။

ယင်းအပြင် စောမြရာဇာလင်းက ပါတီတွင်မသမာသူများရှိနေပြီး ပါတီတာဝန် ထမ်းဆောင်ခြင်းမရှိသူများ ကိုဖြုတ်ချပြီး ပါတီအားအသစ်ဖွဲ့စည်းကာ မိမိတို့နှင့် လမ်းစဉ်တူသူများဖြင့်သာ ဆက်လက်လက်တွဲလုပ် ဆောင်သွားမည်ဟု မတ်လ ၂၀ ရက်နေ့တွင် မဇ္စျိမသို့ ပြောဆိုထားသည်။

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)ကို ၁၉၈၆ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ကာ သမ္မတဦးသိန်းစိန် လက်ထက် ၂၀၁၅ ခုနှစ်တွင် တစ်နိုင်ငံလုံးအပစ်ရပ်လက်မှတ် (NCA) ရေးထိုးခဲ့သည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required