ကဗျာဆရာမောင်ဆောင်းခကို တရားရုံးတွင် အချုပ်သားတစ်ဦးကရိုက်

ကဗျာဆရာမောင်ဆောင်းခကို တရားရုံးတွင် အချုပ်သားတစ်ဦးကရိုက်
ဓာတ်ပုံ- Aung Aung Kyaw Facebook

ရန်ကုန်၊ မတ် ၂၁ ။          ။ သမ္မတအားဝေဖန်သည့် ကဗျာရေးမှုကြောင့် ဖမ်းဆီးချုပ်နှောင်ခြင်းခံရကာ အမှုရင်ဆိုင်နေရသည့် ကဗျာဆရာ မောင်ဆောင်းခကို ယနေ့ ရွှေပြည်သာမြို့နယ် တရာရုံးတွင် အချုပ်သားတစ်ဦးကဦးခေါင်းကို လက်ထိပ်ဖြင့်  ရိုက်နှက်ခဲ့ကြောင်း ၎င်း၏အမေဖြစ်သူကပြောသည်။

" မောင်ဆောင်းခအမှုကို လောလောဆယ်မစစ်ဖြစ်ဘူးပေါ့နော်။ ဘာဖြစ်လို့လည်းဆိုတော့ မောင်ဆောင်းခ ကို အချုပ်သားတစ်ဦးက ရိုက်လိုက်လို့။ အခုသူ့ကို ဆေးရုံကို ခေါ်သွားတယ်ပေါ့နော်။ အင်းစိန်ဆေးရုံကို ခေါ် သွားတယ်"ဟု ကဗျာဆရာမောင်ဆောင်းခ၏ ရှေ့နေ ကိုကြည်သာဖုန်းမြင့်က ပြောသည်။

ယင်းသို့ ရိုက်နှက်ခံရပြီး ရွှေပြည်သာမြို့နယ် ရဲတပ်ဖွဲ့မှ မြို့နယ်ဆေးရုံသို့ မောင်ဆောင်းခအားခေါ်ဆောင်ကာ ဆေးမှတ်ချက်ယူ၍  အင်းစိန်ဆေးရုံသို့ ပို့ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"အခုတော့ ခေါင်းမူးနေသေးတယ် သား။ အခုဆေးရုံကဆင်းတော့မလို့။ ခေါင်းကတော့မပေါက်ဘူး။ ဒါပေမယ့် အာလူးသီး သီးသွားတယ်"ဟု မောင်ဆောင်းခအား အင်းစိန်ဆေးရုံသို့ပို့ဆောင်ရာတွင် လိုက်ပါခဲ့သည့် မောင် ဆောင်းခ၏ မိခင်က ပြောသည်။

ယခုကဲ့သို့ ရိုက်ခံရခြင်းသည် တရားရုံးအတွင်း လုံခြုံရေးတပ်ဖွဲ့များရှေ့တွင် ဖြစ်သည့်အတွက် ရဲတပ်ဖွဲ့တွင် တာဝန်ရှိကြောင်းသူ၏ ရှေ့နေကပြောကြားသည်။

" ရဲတစ်ယောက်ကို လှမ်းရိုက်ဖို့လုပ်သေးတယ်။ ရဲတွေက ခင်ဗျား ညနေပဲလွတ်တော့မှာ ဘယ်လို ဖြစ်နေတာလဲလို့ပြောတယ်။ ပြီးတော့ အဲဒီတစ်ယောက်ကို အပြင်မှာပဲဆက်ထားတယ်။ ဘေးမှာ ရဲလေးယောက်ရှိတယ်။ အဲဒီနေရာနဲ့ ခြေသုံးလှမ်းကွာလောက်မှာ မောင်ဆောင်းခနဲ့ သူ့ကိုလာတွေ့သူသုံးယောက်ကထိုင်စကားပြောနေတယ်။ ခဏနေတော့ အထဲက တစ်ယောက်က အိမ်သာသွားမယ်ဆိုလို့ ထုတ်ပေးလိုက်တဲ့အချိန် လျှပ်တပြတ်မှာဖြစ်သွားတာ"ဟု တရားရုံးသို့ ရောက်ရှိခဲ့သည့် မျက်မြင်သက်သေတစ်ဦးက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly