ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်း အီမရန်ခန်း တရားရုံးသို့ လာရောက်ပြီးနောက် အဓိကရုဏ်းဖြစ်ပွားမှုအတွင်း ၂၅ ဦး ဒဏ်ရာရ၊ အများပြည်သူပိုင်ပစ္စည်းများ မီးရှို့ခံရ

By ANI 
22 March 2023
ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်း အီမရန်ခန်း တရားရုံးသို့ လာရောက်ပြီးနောက် အဓိကရုဏ်းဖြစ်ပွားမှုအတွင်း ၂၅ ဦး ဒဏ်ရာရ၊ အများပြည်သူပိုင်ပစ္စည်းများ မီးရှို့ခံရ

ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း အီမရန်ခန်းသည် မတ်လ ၁၈ ရက် နေ့လယ်ပိုင်းတွင် ဖက်ဒရယ်တရားရုံး (FJC) သို့ ရောက်ရှိလာပြီးနောက် အဆိုပါနယ်မြေတွင် ရုန်းရင်းဆန်ခတ်မှုများဖြစ်ပွားခဲ့သည်အတွက် လူ ၂၅ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ပြီး အများပြည်သူပိုင်ပစ္စည်းများ မီးရှို့ခံခဲ့ရကြောင်း Dawn သတင်းတွင် ဖော်ပြထားသည်။

ပါကစ္စတန်နိုင်ငံ မြို့တော်အစ္စလာမ်မာဘတ်တွင် ပါကစ္စတန် တီရစ်-အီ-အင်ဆက်ဖ် (PTI) ပါတီ ထောက်ခံသူများနှင့် ရဲများအကြား နာရီပေါင်းများစွာ ပဋိပက္ခဖြစ်ပွားခဲ့ရာ မော်တော်ဆိုင်ကယ်များအပါအဝင် မော်တော်ယာဉ် အစီး ၃၀ နှင့် ရဲစခန်းတစ်ခု မီးရှို့ခံခဲ့ရသည်။

ဇာမန်ပန်းခြံတွင် ယခုသီတင်းပတ်အစောပိုင်းက ဖြစ်ပွားခဲ့သည့် ပဋိပက္ခအတိုင်းပင် တရားရေးဥပဒေစိုးမိုးရေး တာဝန်ရှိသူများနှင့် PTI ထောက်ခံသူများ တို့အကြား ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ နှစ်ဖက်စလုံးက မျက်ရည်ယိုဗုံးများကို အသုံးပြုပြီး လူစုခွဲရန်ကြိုးပမ်းခဲ့ကြသည်ဟု Dawn သတင်းတွင် ဖော်ပြထားသည်။ 

PTI ထောက်ခံသူများက ရဲတပ်ဖွဲ့ဝင်များကို ခဲများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အပြင် ရဲကားများကို မီးရှို့ရန် ဓာတ်ဆီမီးလောင်ဗုံးများကို အသုံးပြုခဲ့သည်။  
လူစုလူဝေးမဖြစ်စေရေးအတွက် ဖက်ဒရယ် ရဲတပ်အဖွဲ့ဝင် ၇၀၀ နှင့် ပန်ဂျပ်ရဲတပ်ဖွဲ့ဝင် ၁၀၀၀ အပါအဝင် တပ်ဖွဲ့ဝင် ၄ ၀၀၀ ခန့်သည် တရားရုံး အဆောက်အအုံအတွင်းနှင့် အနီးတစ်ဝိုက်တွင် တပ်စွဲထားခဲ့သည်။ 

PTI ပါတီ အကြီးအကဲ အီမရန်ခန်းသည် အမှုရင်ဆိုင်ရန် ဖက်ဒရယ်တရားရုံး (FJC) သို့ ထွက်ခွာသွားပြီးနောက် ပန်ဂျပ်ရဲတပ်ဖွဲ့က ၎င်း၏နေအိမ်ကို ပြန်လည် ဝင်ရောက်စီးနင်းခဲ့ပြီး ပါတီဝင်အများအပြားကို ဖမ်းဆီးခဲ့သည်။
အမှုများတွင် အာမခံရခဲ့သော်လည်း ပါကစ္စတန် ဒီမိုကရက်တစ်လှုပ်ရှားမှုပါတီမှ ဦးဆောင်သော အစိုးရသည် ၎င်းကို ဖမ်းဆီးရန် ရည်ရွယ်ထားသည်မှာ သိသာကြောင်း ဝန်ကြီးချုပ်ဟောင်းက တုံ့ပြန်ပြောကြားခဲ့သည်။

အဂတိလိုက်စားမှုအတွက် ကြားနာရန် အီမရန်ခန်း လာရောက်မည့် အစ္စလာမ်မာဘတ် တရားရေး အဆောက်အအုံ အပြင်ဘက်တွင် တိုက်ရိုက်ထုတ်လွှင့်မှုမပြုရန် ပါကစ္စတန် အီလက်ထရောနစ်မီဒီယာ စည်းကမ်းထိန်းသိမ်းရေးအာဏာပိုင်အဖွဲ့ (PEMRA) သည် မတ်လ ၁၈ ရက်တွင် တားမြစ်ခဲ့သည်။

အစ္စလာမ်မာဘတ် တရားရေး အဆောက်အအုံတွင် နာရီအတန်ကြာ ရုန်းရင်းဆန်ခတ်မှုများဖြစ်ပွားပြီးနောက် အဂတိလိုက်စားမှုနှင့်ပတ်သက်ပြီး ခန်းအား ထုတ်ထားသည့် အာမခံမပေးနိုင်သော ဝရမ်းများကို တရားရုံးက ဆိုင်းငံ့ခဲ့သည်။ 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly